မြဝတီ – မတ်(၂၅)
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်း တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေသလို ကော့ကရိတ် – မြဝတီအာရှလမ်းမမှာလည်း မိုင်း ပေါက်ကွဲထားတာကြောင့် လမ်းပျက်စီးမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့နယ် မဲကနယ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေဟာ မနက် (၅) နာရီ လောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲဟာ သင်္ကန်းညီနောင်ရဲစခန်းရှေ့နဲ့ မြဝတီကုန်သွယ်ရေးဇုန် အထိဖြစ်ပွားခဲ့တာပါ။
KNLA ပူးပေါင်းအဖွဲ့က မြဝတီအခြေစိုက် စစ်ကောင်စီ တပ်ရင်း(၂)ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ သလို သင်္ကန်းညီနောင်ရဲစခန်းနဲ့ မြဝတီကုန်သွယ်ရေးဇုန် ကိုလည်း ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် မြဝတီ-ကော့ကရိတ်အာရှလမ်းမ ဆိတ်ဖူးတောင်ကြားနားမှာလည်း မိုင်းပေါက်ကွဲမှု တွေကြောင့် လမ်းတစ်ဖက် ပျက်စီးသွားတယ်လို့ သူက ပြောပါသေးတယ်။
လက်ရှိအချိန်မှာတော့ လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ခရီးသွားယာဉ်တွေ သွားလာမှု ခက်ခဲနေသလို ကော့ကရိတ်တံတားကျိုးဂိတ်မှာလည်း ယာဉ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက် တယ်လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မနက် (၉) နာရီကျော်မှာ Mi35 ရဟတ်ယာဉ်တွေနဲ့ပါ လာရောက် ပစ်ခတ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ