နေပြည်တော် ၊ မတ် (၂၅)
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတည်ရှိတဲ့ နေပြည်တော်မှာ လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့သာ ပေးတော့တဲ့အတွက် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒီနွေရာသီကာလအတွင်း လျှပ်စစ်မီး ဖြတ်တောက်ခံရမှု ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဒေသခံ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကလွဲရင် တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ ဓာတ်အားဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီးဟာ နာရီနဲ့ချီ ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။
အခုခါမှာတော့ နေပြည်တော်မှာ မတ် ၂၃ ရက်နေ့ကစတင်ကာ အုပ်စု ၄ စုနဲ့ အလှည့်ကျစနစ် မီးပေးပြီး အရင်လို ၂၄ နာရီ အချိန်အပြည့် လျှပ်စစ်မီး ရရှိတော့မှာ မဟုတ်ပါဘူး။
အုပ်စုတစ်စုမှာ တစ်ရက်ကျော် ၈ နာရီ ပုံမှန် မီးပျက်မှာဖြစ်ပြီး တစ်ရက်ကို အုပ်စု နှစ်စု အလှည့်ကျ မီးပြတ်မှာ ဖြစ်တယ်လို့ ဇယားနဲ့တကွ ထုတ်ပြန်လာတာပါ။ကျန်တိုင်းနဲ့ပြည်နယ်ရှိ မြို့နယ်တွေမှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးတဲ့ရက်ကစပြီး မီးပြတ်တောက်မှု ပိုများလာသလို တစ်ချို့ မြို့နဲ့ ကျေးလက်တွေမှာတော့ ညသန်းခေါင်ယံအချိန်မှာ ၃ နာရီ ဝန်းကျင်လောက်သာ လျှပ်စစ်မီးရရှိနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ရန်ကုန်မြို့နေပြည်သူတစ်ဦးကတော့ ဒီနွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုဆိုးလာရင် ဆေးကြောတာနဲ့ ချက်ပြုတ်ရေးမှာ ရေတင်ဖို့ အခက်အခဲဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရေကိစ္စက အရမ်းအရေးကြီးတယ်။ဘာလို့လဲဆို သောက်ဖို့ ထမင်းချက်ဖို့ ရေမရှိရင်တောင် ရသေးတယ်။အိမ်သာသုံးဖို့ ရေမရှိရင် အရမ်းခက်ခဲတယ်။နောက် မီးမလာရင် ရေတင်တာတွေ အခက်အခဲဖြစ်တာပေါ့။နွေရာသီဆိုရင် မီးက အရမ်းပျက်တော့မှာဆိုတော့ ရေမရမှာကို ညီမတော့ စိတ်ပူတယ်။ညီမတို့ကျတော့ ရေအသုံးကြမ်းတဲ့သူတွေဆိုတော့ ရေများများပဲ၊ ပန်းကန်ဆေးတောင် ရေတွေအများကြီး သုံးတယ်ဆိုတော့ မီးမမှန်လို့ရှိရင် အရမ်းကိုအခက်အခဲဖြစ်မယ် ထင်တယ်”လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဒရုန်းနဲ့တိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မော်လမြိုင်မြို့ကိုလည်း အုပ်စု ၃ စု ခွဲပြီး တစ်ကြိမ်မှာ ၂ နာရီနဲ့ တစ်ရက်မှာ ၄ ကြိမ် အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေတာပါ။
ဓာတ်အားဖြန့်ဝေပေးမှုအရ မော်လမြိုင်ဒေသခံတွေဟာ တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီသာ ရရှိတာဖြစ်ပြီး ဓာတ်အားရရှိမှုပေါ် မူတည်ကာ လျှပ်စစ်ဓာတ်အားပေးချိန် အပြောင်းအလဲ ရှိနိုင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဆိုထားပါတယ်။
ဒါပေမယ့် တစ်ရက်မှာ ၈ နာရီအပြည့် မီးမရရှိတဲ့အတွက် နွေရာသီမှာ လျှပ်စစ်မီးပိုပျက်တော့မယ့် အခြေအနေရှိနိုင်တာကြောင့် လုပ်ငန်းအတွက် မီးစက်အပြင် ဆိုလာစနစ် သုံးဖို့ စဉ်းစားထားတယ်လို့ မော်လမြိုင်မြို့ခံ SME လုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလျှပ်စစ်မီးနဲ့ ဆက်Run ဖို့ အဆင်မပြေဘူးဗျာ၊အရင်ကတည်းကလည်း အဆင်မပြေဘူး။တစ်နေ့ကို ဘယ်နှနာရီပေးမယ်ဆိုပြီးပြောပေမယ့် တကယ်တမ်း ၄ နာရီပေးမယ့်ဟာဆို တစ်ခါတစ်လေကျ ၂ နာရီလောက်ပဲ ရချင်ရတယ်။အဲဒီလိုမျိုးဆိုတော့ မီးစက်နဲ့လှည့်နေရတာ အဆင်မပြေတော့ နောက်ပိုင်းဘယ်လိုစဉ်းစားလာလဲဆို ဒီမီးကိုလည်း သုံးမယ်။ဒါပေမယ့် အရေးကြီးတဲ့အပိုင်းတွေကို ဆိုလာစနစ်နဲ့ သုံးမယ်ပေါ့။အဲဒီလိုမျိုးအထိကို စဉ်းစားထားပါတယ်ခင်ဗျာ။ဒီအရှေ့မှာတောင် ဒီလောက်မီးပျက်နေတာ နောက်ပိုင်းကျရင်တော့ ဒီထက်ပိုပျက်လာမယ်ဆိုတာ နဂိုကတည်းက တွေးဆပြီးသားပါ”လို့ သူက ဆိုပါတယ်။
လျှပ်စစ်မီးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အချိန်ပြည့်မရရှိတော့ဘဲ အချိန်ပိုင်းနဲ့အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့အထိအချိန်မှန်ကန်မှုမရှိတာကြောင့် ပြည်သူတွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူတွေဟာ ချက်ပြုတ်ရာမှာ ထင်း၊မီးသွေးနဲ့ ဂက်စ်တွေအပြင် ညဘက်တွေမှာလည်း အားသွင်းမီးလုံးနဲ့ ဖယောင်းတိုင်းမီးတွေကိုပါ အသုံးပြုလာရသလို တနိုင်တပိုင်လုပ်ငန်းတွေကလည်း မီးစက်တွေကို အားထားအသုံးပြုနေရပါတယ်။
အသေးစား၊အလတ်စားလုပ်ငန်းအများစုဟာလည်း လုပ်ငန်းလျော့ချရတာတွေရှိသလို တချို့လုပ်ငန်းတွေကတော့ လျှပ်စစ်မီးအခြေအနေကြောင့် ပုံမှန်မလည်ပတ်နိုင်တဲ့အတွက် ရပ်နားလိုက်ရတာတွေ ရှိတယ်လို့ SME လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း လျှပ်စစ်မီးကို အချိန်ပြည့်မပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်တွေအတွက် အားသွင်းနေရာတွေကို နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ တိုးချဲ့တည်ဆောက်သွားမယ်လို့ စစ်ခေါင်းဆောင်က လေးလုံးကြွားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ