ဒီးမော့ဆို – မတ်(၂၅)

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ မတ်လဒုတိယအပတ်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် အရာရှိတွေအပါအဝင် တပ်သား(၉၀) ကျော်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၈) ရက်နေ့ကစပြီး ဘောလခဲမြို့ကနေ အင်အား (၃၀၀) ကျော်ပါတဲ့ စစ်ကြောင်း (၃) ကြောင်းဟာ ဒီးမော့ဆို၊ဒေါညင်းခူကျေးရွာဘက်ကို ဝင်လာတဲ့အတွက် ကရင်နီပြည်နယ် ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စစ်ကောင်စီ စ.က.ခ – ၂ လက်အောက်ခံ တပ်ရင်း(၃) ရင်းဖြစ်တဲ့ ခ.လ.ရ- ၁၂၊ခ.မ.ရ- ၅၁၆ ၊ ခ.မ.ရ – ၅၁၅ တပ်ရင်းတွေဟာ ဒေါညင်းခူ၊ဒေါဆိုဖျ၊ဒေါတမကြီး ကျေးရွာတွေကို ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် ကရင်နီတပ်မတော်- KA၊KNDF/B-10 ၊ KNDF/B-15 နဲ့ ဘော်လခဲ PDF တို့က ခုခံတိုက်ခိုက်ခဲ့တာပါ။

မတ်လ(၂၀) ရက်နေ့ကနေ (၂၃) ရက်နေ့အထိ KA၊ KNDF/B-10၊ KNDF/B -15 ၊ KNDF/B- 16 ၊ KNDF/ETD နဲ့ နေပြည်တော် PDF တို့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ် အရာရှိတွေအပါအဝင် (၉၀) ကျော် သေဆုံးခဲ့ပြီး (၅၀) ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-479 တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက် ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ၊ ဖုန်း၊ခဲယမ်းမီးကျောက်တွေ အပြင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်သားတွေ အခုလို သေဆုံးနေတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နာမှာ ပြည်သူတွေ အောင်ပွဲခံနေကြသလို စစ်ကောင်စီထောက်ခံသူတွေလည်းဝေဖန်မှုတွေရှိနေပါတယ်။

တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘောလခဲ၊ဖရူဆို အခြေစိုက်တပ်တွေက နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ရဟတ်ယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ ဒီနေ့အချိန်ထိ ပစ်ခတ် နေတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က ပစ်ခတ်နေတာကြောင့် ဒေါညင်းခူ၊ဒေါဆိုဖျနဲ့ ဒေါတမကြီး ကျေးရွာ တွေက ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ထိမှန်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်(၁၀၀) ကျော်မီးလောင်ပျက်စီးထားပါတယ်။

စစ်ကောင်စီနဲ့တိုက်ပွဲတွေကြောင့် KNDF ရဲဘော်(၂)ဦး၊KA ရဲဘော်(၂) ဦးနဲ့ နေပြည်တော် PDF (၁) ဦးစုစုပေါင်း ရဲဘော် (၅) ဦးအသက် ပေးလှူခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း(၆၀၀) နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၆၀၀) ကျော်သေဆုံးထားတယ်လို့ PKPF က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.