ကြာအင်းဆိပ်ကြီး ၊ မတ်(၂၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၁၀ ဦးနီးပါး သေဆုံးခဲ့သလို သေနတ်တွေပါ သိမ်းဆည်း ရမိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်တပ်စခန်းဆီကို ရိက္ခာပို့ဆောင်ဖို့နဲ့ လူနာသယ် ယူဖို့အတွက် မြေပြင်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၊ နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နေ့ကနေ (၁၇)ရက်နေ့အတွင်း ကွီလုံတိုင်ရွာ သစ်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် မတ်လ(၂၁)ရက်နေ့ကလည်း တပ်အင်အား(၈၀)ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့တွေက ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေးကျေးရွာ အနီးမှာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ(၃)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ရတယ်လို့ ပူးပေါင်းအဖွဲတစ်ဖွဲ့ဖြစ်တဲ့ နဂါးနီစစ်ကြောင်းကလည်း ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲ(၂)ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူး(၁)ဦးအပါအဝင် (၁၀)ဦး နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို လက်နက်(၄)လက်ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ပွဲကာလတွေအတွင်း စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ် တိုက်လေယာဉ်တွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့လို့ လူနေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံတချို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီးမှာ ကျူးကျော်တပ်စွဲထားပြီး အနီးနားရှိကျေးရွာရှိ ရိက္ခာ ငွေကြေးနဲ့ ကျွဲနွားတွေကို သိမ်းဆည်းတာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ ပေါ်တာအဖြစ်အသုံးပြုတာ စတဲ့ လူ့အခွင့်အရေးချိုး ဖောက်ကျူးလွန်မှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – S.O.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.