ကြာအင်းဆိပ်ကြီး – မတ်(၂၅)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကျုံဒိုးမြို့ထဲမှာ ဒီကနေ့ မတ်လ(၂၅)ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရမိတာတွေ ရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ကော့ကရိတ်-ဘားအံ ကားလမ်းပေါ် ကျုံဒိုးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၄၆)တပ်ရင်းနဲ့ နယ်မြေခံ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ။

ဒီကနေ့ မနက်(၉)နာရီ (၁၅)မိနစ်အချိန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ကျုံဒိုးမြို့ရဲစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်ခဲယမ်းတွေကိုပါ ဖမ်းဆီးသိမ်းဆည်းရနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကျုံဒိုးမြို့ပေါ်တိုက်ပွဲကြောင့် ကျုံဒိုးမြို့နဲ့အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူတွေဟာ လက်ရှိမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မတ်လ(၂၅)ရက်နေ့ မနက်(၅)နာရီအချိန်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ခုတ်ခွါဒေသမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွား နေသလို နှစ်ဖက်ထိခိုက်မှုကိုတော့ လတ်တလောမှာ မသိရသေးဘူးလို့ နယ်မြေခံသတင်းရင်းမြစ် တွေက ပြောပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(မြဝတီမြို့မှာ တိုက်ပွဲဖြစ်ပြီး မီးလောင်နေတဲ့ အခြေအနေ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.