မော်လမြိုင်၊ မတ်(၂၄)
မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းနဲ့တိုက် ခိုက်ခံရပြီး နောက်စစ်ကောင်စီက မော်လမြိုင်မြို့အတွင်း လုံခြုံရေးတိုးမြှင့်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့မှာ တော်လှန်ရေးအင်အား စုတွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အဦးတစ်လုံး ထိခိုက်ပျက်စီးခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ မော်လမြိုင်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာ စာသင်ကျောင်းတချို့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဝင်ရောက်တပ်စွဲနေထိုင်တာ၊ လုံခြုံရေးစိတ်မချရတဲ့ နေရာတွေမှာ ကင်းပုန်းဝပ်တာတွေ ရှိနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေး အဖွဲ့ဝင်တွေက လမ်းသွယ်တချို့မှာ မထင်ရင်မထင်သလို ဖြတ်သွားဖြတ်လာ မော်တော် ကား၊ ဆိုင်ကယ်တွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ဆေးတဲ့နေရာမှာလည်း မော်တော်ယာဉ်တွေကို အတွင်းပိုင်းထိ ရှာဖွေတာတွေ ပြုလုပ်သလို ဆိုင်ကယ်တွေကိုတော့ ဘောက်ဖွင့်စစ်ဆေးတာအပြင် ပြည်သူတွေကိုလည်း လာရောက်တဲ့နေရာနဲ့ သွား ရောက်မယ့် နေရာကအစ အသေးစိတ်မေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညအချိန်တွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ဧည့်စာရင်းဝင်စစ်တာ၊ အင်အားအများအပြားသုံးပြီး ကင်းလှည့်တာတွေ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် မြို့တွင်းပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကိုလည်း တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကနေ အမြဲအဆက်မပြတ် စောင့်ကြည့်တာတွေ လုပ်ဆောင်နေသလို ရပ်ကွက်တွေအတွင်းမှာလည်း အရပ်ဝတ်တွေ ဝတ်ဆင်ကာ အိမ်စီးကား၊ ဆိုင်ကယ်တွေ အသုံးပြုပြီး စုံစမ်းစောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ- TLT