နေပြည်တော် ၊ မတ် (၂၄)
ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါ တီ SSPP တို့ နေပြည်တော်မှာ မတ် ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေနဲ့ UWSP က ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA က ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ကဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ အဖွဲ့အသီးသီးရဲ့ လိုလားချက်တွေ၊ ဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အခြေခံကျတဲ့ပုဒ်မတွေ ပြင်ဆင်နိုင်ရေးကိစ္စတွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါ တယ်။
နှစ်ဖက်ဆွေးနွေးချက်တွေအရ သဘောတူညီချက်တွေ ရယူနိုင်ဖို့ မူကြမ်းတွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပြီး မတ် ၂၃ ရက်မှာလည်း ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
နှစ်ရက်တာ ဆွေးနွေးချက်နဲ့ပတ်သက်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူတွေထံ သံလွင်တိုင်းမ်က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက် အသွယ်မရရှိခဲ့ပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ EAO တွေ အားဖြည့်ပေးဖို့ ဆွေးနွေးတာဖြစ်ပြီး ငြိမ်းချမ်းရေးညီလာခံကျင်းပရေးဟာလည်း ဟန်ပြသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲတွေ ကျင်းပပေးနေတယ်ဆိုတာကို အားဖြည့်ပေးဖို့အတွက် ဒီအဖွဲ့တွေ ဆွေးနွေးတာဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာ ငြိမ်းချမ်းရေးညီလာခံလုပ်မယ်ဆိုတာကလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ တွေက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ချို့လောက်ပဲ ဖြစ်မှာပါ။ အဲဒါတွေက NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ပါဝင်နိုင်တယ်။ နောက်ပြီးတော့ FPNCC က တချို့အဖွဲ့တွေ ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် နွေဦးစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ KIA တို့ KNDF နဲ့ KNU တို့စတဲ့ အဖွဲ့အစည်းတွေက ပါမှာမဟုတ်ပါဘူး။ သူ့ရဲ့ ငြိမ်းချမ်းရေးညီလာခံက အားလုံးဟာ ဟန်ပြသာဖြစ်ပြီး တကယ့်အနှစ်သာရ ဘာမှမရှိဘူး။ ပြည်သူတွေ လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် လက်တွေ့မဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။
အပစ်ရပ်မထိုးထားတဲ့ “ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီSSPP ကိုယ်စား လှယ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်တုန်းကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တတိယကြိမ်အဖြစ် သုံးရက်တာ ဆွေးနွေးခဲ့ကြပါသေးတယ်။
အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က တင်ပြလာတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် မှတ်ချက်ပြုဆွေးနွေးတာမရှိသလို လာနားထောင်ရုံပဲလို့ “ဝ” အဖွဲ့ UWSP က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
“ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီSSPP တို့ဟာ ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီနှောင်းပိုင်းမှာ စစ်ကောင်စီ စတင်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ EAO ၇ ဖွဲ့ က အခုနှစ် ဖေဖော်ဝါရီအတွင်း တတိယအကြိမ် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်မထိုးထားတဲ့ EAO ၃ ဖွဲ့ကတော့ အခုအခါမှာ စတုတ္ထအကြိမ် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOI