ဘော်လခဲ – မတ်(၂၄)

ကယားပြည်နယ်၊ ဘော်လခဲမြို့က ကျေးရွာတစ်ရွာမှာရှိတဲ့ ဒေသခံတွေရဲ့ လုပ်ငန်းခွင်ကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ(၉)ဦးထိခိုက်ဒဏ်ရာ ရရှိသွားပြီး အဲဒီထဲက (၃) ဦးသေဆုံးသွားတယ်လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၃) ရက်နေ့ ညနေပိုင်းက တောင်ငူလေတပ်က ပျံသန်းလာတယ်လို့ ယူဆထားတဲ့ စစ်ကောင်စီတိုက်လေယာဉ်ဟာ ဘော်ပလောက်ကျေးရွာဒေသခံတွေရဲ့သစ်လုပ်ငန်းလုပ်ကိုင်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

သေဆုံးသွားသူတွေဟာ သစ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသားတွေဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ သံလွင်မြစ်ကိုသွားဖို့ အဓိကအရေးပါတဲ့ ဘော်လခဲမြို့ကို ထိန်းချုပ်ဖို့ အတွက် ကြိုးစားနေပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ စစ်ရေးတင်းမာတဲ့ အခြေအနေတွေဖြစ်ပွားနေပါတယ်။

” ဘော်လခဲကနေ ရွာသစ်၊ရွာသစ်ကနေ သံလွင်ကိုသွားလို့ရတယ်ပေါ့နော်သူတို့။ သံလွင်ကိုသွား လို့ရတဲ့လမ်းကြောင်းရှိပြီးတော့မှ စစ်ရေးအရလည်းအနည်းနဲ့အများ အရေးပါတယ်။ သူတို့ဘော် လခဲကိုဆက်ပြီးတော့မှ ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ဖို့အတွက်ကတော့ ရွာသစ်ဘက်ခြမ်း က သူတို့အတွက် စစ်ရေးအရ အကျိုးအမြတ်ရှိတယ်ပေါ့နော်။နောက် ခုနကပြောတဲ့ရေနီပေါက် တို့ ဆိုတာကလည်း သူတို့ကိုအနီးကပ်ဆုံးခြိမ်းခြောက်နိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေတွေဖြစ်နေတာပါ။အဲဒီအတွက်ကြောင့် သူတို့ရဲ့မြို့ကို ထိန်းဖို့အတွက် ထိုးစစ်ဆင်နေတယ်လို့ ယူဆရပါတယ်။” လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးကောင်စီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဗညားက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လ(၁၆) ရက်နေ့ကစပြီး ဘော်လခဲမြို့အနီးက ရေနီပေါက် ကျေးရွာနဲ့ မိုးထမ်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ သူက ပြောပါသေးတယ်။

အခုလို စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာ(၂) ရွာက အိမ်ခြေ (၂၀) လောက်ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာဘုန်းကြီးကျောင်းတစ်ကျောင်းထိခိုက်ခဲ့တဲ့ အတွက် ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ ပိုမိုများပြား လာတဲ့အတွက် အထူးစိုးရိမ်စရာဖြစ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် အဖွဲ့က သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု (၁၉၇) ကြိမ်အထိပြုလုပ်ထားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.