ရန်ကုန်၊ မတ်(၂၄)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ဖြစ် ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့မလုံခြုံမှု ပြဿနာတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးအထိ ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်အရ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေထဲမှာ အများဆုံးအနေနဲ့ နိုင်ငံရဲ့ အနောက် မြောက်ပိုင်းမှာ လူဦးရေ ၉၄၃,၀၀၀ ကျော်နဲ့ အရှေ့တောင်ပိုင်းမှာ လူဦးရေ ၄၀၉,၄၀၀ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ကချင်၊ ကယား၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက မြို့နယ်အများ အပြားမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာရသူတွေ၊ အရပ်သားထိခိုက်သေဆုံးတာတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်တက် နေပြီး ၂၀၂၃ ခုနှစ် မတ် ၁၃ ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ နိုင်ငံတဝန်း ပြည် တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။
နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ ရွှေ့ပြောင်းအခြေချစခန်းတွေနဲ့ ယာယီစခန်းတွေမှာ မရေမရာအခြေအ နေတွေနဲ့ နေထိုင်နေကြရပြီး အများစုဟာ နီးစပ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်နေကြရတာ ဖြစ်ပါတယ်။
၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁၇ ဒသမ ၆ သန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်တယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဇန်နဝါရီနှောင်းပိုင်းဆန်းမှာ ထုတ်ပြန်ထားပါတယ်။
လူသားချင်းစာနာမှုဆောင်ရွက်သူတွေဟာ အခုနှစ်မှာမြန်မာနိုင်ငံက လူဦးရေ ၄ ဒသမ ၅ သန်းအတွက် အကူအညီတွေပေးဖို့ ပြင်ဆင်နေပြီး ထိရောက်တဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၇၆၄ သန်း လိုအပ်တယ်လို့ UNOCHA က ဆိုထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU