လွိုင်ကော်၊ မတ်(၂၄)

စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ တပ်တွင်းပြိုကွဲမှု မဖြစ်အောင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်စည်းရုံးနေရပြီး ဒီအခြေအနေဟာ တပ်တွင်းဖရိုဖရဲဖြစ်မှုကို ပြသနေတာလို့ CDM ဗိုလ်ကြီးတွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တို့ရှိ စစ်ဌာချုပ်တွေကို ဆက်တိုက်သွားလာခဲ့တာပါ။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က စစ်ကိုင်းတိုင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံ သွားရောက်ခဲ့တဲ့ စစ်ခေါင်း ဆောင်ရဲ့ ခရီးစဉ်မှာဆိုရင် တပ်တွင်းစည်းလုံးမှုရှိကြဖို့ အထူးတိုက်တွန်းသွားသလို တပ်မ တော်သားတွေအနေနဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိကြဖို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံရာမှာလည်း သက်သာချောင်ချိရေး ကူညီဆောင်ရွက်ပေးမှာ ဖြစ် ကြောင်းနဲ့ တပ်မိသားစုဝင်တွေရဲ့ သားသမီးတွေအတွက် နွေရာသီမှာသင်တန်းတွေဖွင့်ပေးမယ်လို့ စည်းရုံးပြောဆိုတာတွေ လုပ်ဆောင်သွားပါတယ်။

CDM ဗိုလ်ကြီး ထက်မြတ်ကတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် အောက်ခြေတပ်တွေအထိ စည်းရုံးရေးဆင်းနေရတဲ့ အခြေအနေဟာ တပ်တွင်းစိတ်ဓာတ်ပျက်ပြားမှုကို ပြသနေတာလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အဓိကကတော့ စည်းရုံးရေးအတွက်ကို အဓိကထားပြီးလုပ်ဆောင်နေကြတယ်လို့ ယူဆပါတယ်ဗျ။ မင်း အောင်လှိုင်တို့ စိုးဝင်းတို့ဆိုတာက အကြမ်းဖက်စစ်တပ်မှာ ဒါအမြင့်ဆုံးရာထူးရှိတဲ့သူတွေနဲ့ ဒါအဓိက ကျတဲ့သူ တွေဖြစ်တယ်ပေါ့နော်။ တစ်ခုခုအကောင်အထည်ဖော်ရင် သူတို့ကိုယ်တိုင် လိုက်လုပ်ရတဲ့အဆင့်မဟုတ်ဘဲ လက်အောက်ကို ညွှန်ကြားအမိန့်ပေးတဲ့ သူတွေဖြစ်ပါတယ်ဗျ။ ဒါပေမယ့်သူတို့လိုအဆင့်ရှိတဲ့သူတွေတောင်မှ မြေပြင်တပ်တွေ၊ အောက်ခြေတပ်တွေကို ကိုယ်တိုင်ဆင်းပြီးတော့မှ စည်းရုံးရေးလုပ်နေကြရတယ်။ ပုံမှန်ဆိုရင် ဗျူဟာမှူး၊ တပ်မမှူး အဆင့်လောက်ပဲ စည်းရုံးရေးအတွက်သွားပေမယ့် အခုလိုမင်းအောင်လှိုင်တို့၊ စိုးဝင်းတို့ ကိုယ်တိုင်ဆင်းပြီး စည်းရုံးနေရတာကိုကြည့်ရင် တပ်တွင်းစည်းလုံးညီညွတ်မှုနဲ့စိတ်ဓာတ်တွေ ဘယ်လောက်တောင် ဖရိုဖရဲ ဖြစ်နေပြီလဲ ဆိုတာကို သိသာစေပါတယ်ဗျ” လို့ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ စစ်ကိုင်းတိုင်းခရီးစဉ် မလာမီ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ မုံရွာမြို့ တောင်ဘက်အနီးတဝိုက်ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ လုပ် ဆောင်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်း၂ ခုကိုလည်း သိမ်းဆည်းခဲ့တာပါ။

CDM တပ်ကြပ်ကြီးဇေယျကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကို လာရောက်တာဟာ အခြေအနေတွေ ထိန်းချုပ်နိုင်ပြီဆိုတာ ပြချင်တာနဲ့ တပ်တွင်းစိတ်ဓာတ် စစ်ဆင်ရေးလုပ်တာလို့ ပြောပါတယ်။

“တကယ်တော့ဗျာ သူမသွားခင်မှာ စစ်ကြောင်းတွေထိုးတယ်လေ ဟိုPDF စခန်းအချို့ တွေတောင်သိမ်းခံရ တယ်လေ။ ရှင်းရှင်းပြောရရင် စစ်ကိုင်းတိုင်းကို သူကိုယ်တိုင်သွားတယ်။ ပြောမယ်ဆိုရင် သူတို့ထိန်းနိုင်ပြီဆိုတဲ့ဟာကို ပြချင်တာပါမှာပေါ့ဗျာ” လို့ ပြောပါတယ်။

ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေမှာတော့ ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ခေါင်းစဉ်တပ်ထားပေမယ့် တပ်တွင်း စိတ်ဓာတ်မပျက်ပြားဖို့ သွားနေရတဲ့ စည်းရုံးရေးခရီးစဉ်တွေသာ ဖြစ်နေပါတယ်။ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်ခဲ့တဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ခရီးစဉ်မှာဆိုရင် တပ်မတော်သားတွေ ၂၄ နာရီ တာဝန်ထမ်းဆောင်ကြဖို့၊ စစ်ဆင်ရေးလုံခြုံရေး တာဝန်ထမ်းဆောင်ရာမှာ သင်ကြားပေးတဲ့ စစ်ပညာတွေကို မှန်မှန်ကန်ကန် အသုံးချဖို့နဲ့ တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်း ကိရိယာတွေကို ထိရောက်စွာ အသုံးချဖို့ တိုက်တွန်းခဲ့တာပါ။

CDM ဒုအရာခံဗိုလ်တစ်ဦးကလည်း တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အခုနောက် ပိုင်း တပ်တွင်းစည်းရုံးရေးအတွက် တပ်မတော်သားတွေ ကျုးလွန်တဲ့ပြစ်မှုတချို့ကို ဖြေလျော့ပေးတာတွေ လုပ်ဆောင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တပ်ထဲမှာ ဥပမာ အရက်သောက်တယ်ဆိုရင် အရင်ကဆို လိုက်ကြပ်ပေမယ့်အခုဆိုရင် အရက်တွေ၊ ဘာတွေ သောက်လည်း လွှတ်ပေးထားတယ်။ လုပ်ချင်ရာလုပ်၊ ဒီကောင်တွေအပြင်မထွက်ရင်၊ ထွက်မပြေးသွား ရင်ပြီး ရောဆိုတဲ့ပုံစံမျိုးပေါ့။ အဲဒီလိုမျိုးထိန်းထားတာပေါ့နော်။ ပြဿနာသေးသေးလေးကိုလည်း အရင်ကဆို အရေး ယူတာတွေ၊ အပြစ်ပေးတာတွေရှိတယ်။ အခုမရှိတော့ဘူး။ လုပ်ချင်တာလုပ် ဒီကောင်တွေ အပြင်မထွက်ရင်ပြီးရောဆိုတဲ့ ပုံစံမျိုးပေါ့နော် အဲဒီလိုမျိုး ထိန်းထားတယ်” လို့ပြောပါတယ်။

တပ်တွင်းစည်းရုံးရေးဆင်းနေရတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ တပ်ဖွဲ့ဝင်အင်အား နည်းပါးလာသလို တိုက်ပွဲကြောင့် တပ် သားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာ ပျက်စီးယိုယွင်းမှု မြင့်တက်နေတာပါ။

အာဏာမသိမ်းခင်မှာ စာရွက်ပေါ်ပြတဲ့ ရှေ့တန်းထွက် တပ်တစ်တပ်ရဲ့ အင်အားဟာ ၁၀၀ ဝန်းကျင်နဲ့ အထက်ရှိနေပြီး လက်ရှိစာရွက်ပေါ်ပြတဲ့ အင်အားဟာ ၆၀/၇၀ ဝန်းကျင်လောက်အထိ သုံးပုံမှာတစ်ပုံ လျော့နည်းသွားတယ်လို့ CDM ဗိုလ်ကြီးတွေက သုံးသပ်ထားပါတယ်။

တဖက်မှာတော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်တဲ့ စစ်သား ၄၀၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၉၀၀၀ ဝန်းကျင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.