ရန်ကုန် ၊ မတ် (၂၃)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီအစည်းအဝေးကနေ ထပ်မံအတည်ပြုခဲ့တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ်၊ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NLD ပါတီရဲ့ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကို မတ် ၂၁ ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ ပြီး ဗဟိုကော်မတီဝင် ၄၀ ဦး၊ အရံဗဟိုကော်မတီဝင် ၁၃ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလုပ်အမှုဆောင် ၂၁ ဦး၊ ဗဟိုရေးရာကော်မတီကနေ ၁၆ ဦး စုစုပေါင်း ပါတီဝင် ၉၀ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ကြိုးပမ်းအားထုတ်ဖို့နဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဆန္ဒ တွေကို အလေးထားဆောင်ရွက်သွားဖို့ စတဲ့ ဆုံးဖြတ်ချက် (၁၁) ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ တယ် လို့ ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဦးဘိုဘိုဦးကတော့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ NLD အနေနဲ့ လက်ခံထားတဲ့အတွက် ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို သူတို့ဘာသာ သူတို့ ပြဌာန်းတာတွေရော၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်ဆီးတာတွေ အားလုံးကို ကျွန်တော်တို့ အသိအမှတ်မပြုနိုင်ပါဘူး။ ဒါကြောင့် ပါတီအနေနဲ့ မနှစ်ထဲက ဆုံးဖြတ်ချက်ချပြီးသားပါ။ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ပြန်ပြီးတော့ အတည်ပြုချက် ယူထားတာဖြစ်တယ်။ ပြီးတော့ (၂၀၂၁) အောက်တိုဘာ ၃၀ ရက်ကစပြီး နောက်ပိုင်းလုပ်တာကိုလည်း အာ ဏာသိမ်းပြီးနောက်ပိုင်းမှာရှိတဲ့ ပါတီ CEC ရဲ့ ဆုံးဖြတ်ချက်တွေလည်း ချထားတာ ရှိပါတယ်။ အဲဒါတွေအ ကုန်လုံးလည်း အကျုံးဝင်ပါတယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၈ ရက်နေ့မှာလည်း စစ်ကောင်စီလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ လုံးဝအသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်း ကြေညာထားတာပါ။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာတော့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် လျှောက် ထားကြဖို့နဲ့ မလျှောက်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် နည်းဥပဒေပါ ပုဒ်မ ၂၀ (က) အရ ပါတီတစ်ခုဟာ မိမိဆန္ဒအလျောက် ဖျက်သိမ်းတာဖြစ်စေ၊ဥပဒေအရ မှတ်ပုံတင်ထားတာကို ပယ်ဖျက်ခံရရင်ဖြစ်စေ ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးတဲ့ ဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် သတ်မှတ်တဲ့နည်းလမ်းအတိုင်း အပ်နှံရမယ်လို့ ဖော်ပြထားတာပါ။

နိုင်ငံရေးပါတီတစ်ခုရဲ့ ပိုင်ဆိုင်မှုဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ထက် ဘာကိုမှတန်ဖိုးမထားနိုင်ဘူးလို့ ဦးဘိုဘိုဦးက တုံ့ပြန်ပါတယ်။

“နိုင်ငံရေးပါတီတစ်ခုရဲ့ ပိုင်ဆိုင်မှုဟာ ပြည်သူတွေရဲ့ဟာပါပဲ။ လက်ရှိအခြေအနေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အားလုံးကို ဖျက်ဆီးရိုက်ချိုးပြီးတော့ ထင်ရာစိုင်းပြီးလုပ်နေတဲ့ စကစအဖွဲ့ကို ပြောချင်တာက ကျွန်တော်တို့က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ထက် ဘာကိုမှ ပိုပြီးတန်ဖိုးမထား နိုင်ပါဘူး။ဒါကို ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခံယူထားတာပါ။ ဒါကြောင့် ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘာမှတန်ဖိုးမထားနိုင်တဲ့ ကျွန်တော်တို့တွေက ပြတ်ပြတ်သားသား တိုက်ပွဲဝင် သွားကြမှာပါ”လို့ သူက ဆိုပါတယ်။

ပါတီမှတ်ပုံတင်ဥပဒေမှာတော့ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူ မဖြစ်ရသလို လက်နက် ကိုင်ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်း ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ခြင်း မပြုရဘူးလို့ ပြဌာန်းထားတာပါ။

အဲဒီအချက်တွေကြောင့် ပါတီမှတ်ပုံတင်ဥပဒေဟာ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ အလို အလျောက် ပျက်ပြယ်နိုင်တဲ့ပုဒ်မတွေ ထည့်သွင်းထားတာလို့ နိုင်ငံရေးလေ့သာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.