နေပြည်တော်၊ မတ်(၂၂)
အာာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော် စည်စည်ကားကားဖြစ် မြောက်ဖို့အတွက် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီဟာ နှစ်သစ်ကူးအတာသင်္ကြန် စည်ကားဖို့အတွက် “လမ်းလျှောက်သင်္ကြန်” အောင်မြင်စွာကျင်းပ နိုင်ရေးအပါအဝင် ပွဲတော်စည်းကားရေးကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တချို့ရှိ စစ်ကောင်စီခန့် ဝန်ကြီးတွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ညှိနှိုင်းအစည်းအဝေးတွေ အဆက်မပြတ် လုပ်ဆောင်နေတာပါ။
သင်္ကြန်ပွဲတော်စည်ကားရေး အစီအစဉ်တွေထဲမှာ ဗဟိုမဏ္ဍပ်၊ ယိမ်းအက ပြိုင်ပွဲတွေ၊ လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်တွေ၊ စတုဒိသာကျွေးမွေးတာတွေနဲ့ နိုင်ငံကျော်တေးသံရှင်တွေရဲ့ သီဆိုဖျော် ဖြေမှုတွေနဲ့အတူ ပြည်သူတွေပါဝင်ဆင်နွဲနိုင်ဖို့ စီမံနေတယ်လို့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာလည်း လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ဖို့ စီမံနေပြီး ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေလည်း ပါဝင်ဆင်နွှဲကြဖို့ မတ် ၁၃ ရက်နေ့က ညှိနှိုင်းအစည်းအဝေး လုပ်ဆောင်ခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တပ်ယန္တရားဟာ ပြိုဆင်းနေပြီဖြစ်တဲ့အတွက် လူထုတွေနဲ့ သူတို့လက်အောက်ကလူတွေကို ပျော်ပွဲရွှင်ပွဲတွေနဲ့ လှည့်စားတဲ့လုပ် ရပ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့တပ်ရဲ့ ယန္တရားကလည်း တဖြည်းဖြည်း ယိုယွင်းနေပါပြီ။ အဲဒါတွေကို သူတို့က ပြည်သူတွေကို ဒီလိုပျော် ပွဲရွှင်ပွဲတွေ ဖိတ်ခေါ်ပြီးတော့မှ အတုအယောင် ဘယ်လောက်အုပ်ချုပ်နိုင်တယ်၊ ဘယ်လောက်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ဟာမျိုးတွေ အမှားတရားတွေကို သူ့ရဲ့ယန္တရားထဲမှာ ပြန်လည်သွတ်သွင်းနိုင်ဖို့ပေါ့။ နောက်လူထုကိုလည်း ဒါတွေကို အတုအယောင်နဲ့ချပြနိုင်ဖို့ ဒါကိုမှ တိုင်းပြည်က ဘာပဲဖြစ်ဖြစ်ပေါ့၊ ဒီလိုပျော်ပွဲရွှင်ပွဲတွေနဲ့ လူထုကို လှည့်စားဖို့။ နောက် ယနေ့အချိန်ထိ တာဝန်ထမ်းဆောင်နေသေးတဲ့ သူ့လက်အောက်ကလူတွေကို လှည့်စားဖို့အတွက်သာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးတဲ့လုပ်ရပ်တစ်ခုလို့ပဲ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းယူထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအပါအဝင် တချို့သော ပြည်နယ်တွေမှာ ဒေသခံအရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရ၊ အသတ်ခံရတာတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက ပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံထားရပါတယ်။
Yangon UG Association ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းကလည်း တစ်တိုင်းပြည်လုံး စိတ်ဆင်းရဲနေချိန်၊ စစ်ကိုင်းတိုင်းက ဒေသခံတွေ နေအိမ်မီးရှို့ခံရ၊ မတရားသတ်ဖြတ်ခံနေရချိန်မှာ ပြည်သူတွေအနေနဲ့ ကိုယ်ချင်းစာတရားနဲ့ ငြိမ်ငြိမ်လေး ငြိမ်သက်ပေးဖို့ မေတ္တာရပ်ခံတာပါ။
“တတိုင်းပြည်လုံး စိတ်ဆင်းရဲနေချိန်မှာ စစ်ကိုင်းမှာလည်း ရွာတွေမီးရှို့ခံရတယ်။ အိမ်မဲ့ယာမဲ့တွေ ဖြစ်ကုန်တယ်။ ဒီလိုမတရားသတ်ဖြတ်ခံနေရချိန်မှာ ဝမ်းမနည်းရင်တောင်မှ အရမ်းတွေမပျော်ဖို့ ပျော်မပြဖို့ မေတ္တာရပ် ခံချင်ပါတယ်။ နောက်တစ်ခုက ဒီကိစ္စတွေအကုန်လုံးက တစ်နိုင်ငံထဲမှာ ဖြစ်နေတဲ့ကိစ္စတွေဖြစ်တာကြောင့် ကိုယ်ချင်းစာတရားလေးနဲ့ ငြိမ်ငြိမ်လေးနေပေးစေချင်ပါတယ်ဗျ။ တော်လှန်ရေးထဲ ဝင်မပါရင်တောင်မှ လူသားချင်း စာနာတဲ့အနေနဲ့ ငြိမ်သက်ပေးပါလို့ စစ်ကောင်စီကိုလည်း တစ်ဖက်တစ်လမ်းကနေ အားပေးတာမျိုး မလုပ်မိကြဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်ဗျ”လို့ သူကဆိုပါတယ်။
အညာဒေသလိုမျိုး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သင်္ကြန်စည်ကားဖို့ စစ်ကောင်စီက ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေကို အခွန်မကောက်တော့ဘဲ ဦးရာလူစနစ်နဲ့ လျှောက်ထားကြဖို့ မက်လုံးပေးစည်းရုံးတာတွေ ရှိနေတာပါ။
ရန်ကုန်မြို့မှာတော့ မြို့တော်ဝန်မဏ္ဍပ်၊ တိုင်းအစိုးရမဏ္ဍပ်တွေအပါအဝင် ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန် ကျင်းပသွားမှာဖြစ်ပြီး စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေပါဝင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ထွက်ပေါ်နေပါတယ်။
သင်္ကြန်ပွဲတော် စည်စည်ကားကားဖြစ်ဖို့ စစ်ကောင်စီက ကြိုးပမ်းလာနေပေမယ့် စစ်အာဏာသိမ်းမှုကို ဒီကနေ့ အချိန်ထိ ဆန့်ကျင်တော်လှန်နေတဲ့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကတော့ ပါဝင်ဝင်ဆင်နွှဲမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပုံမှန်အခြေအနေမှာဆို သင်္ကြန်နီးလာပြီဆိုရင် သင်္ကြန်သီချင်းကြားလာတာနဲ့ စိတ်ထဲမှာ ပျော်ရွှင်ရတယ်။ သင်္ကြန်ရဲ့အနှစ်သာရ တစ်ခုခုကို ခံစားရတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီအနှစ်သာရ မရှိတော့ဘူး။ သင်္ကြန်သီချင်းကြားရင်တောင်မှ စိတ်ထဲမှာ မပျော်ရွှင်နေဘူး။ ဘာဖြစ်လို့လဲဆို ကိုယ့်ရဲ့ချစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီလည်း အရောက်ပြန်မလာနိုင်တဲ့သူတွေ ရှိတယ်။ တချို့ဆို မိသားစုဆီကို ပြန်မလာနိုင်တဲ့သူတွေ ရှိတယ်။ အဲဒီတော့ အာဏာသိမ်းပြီး ကျင်းပတဲ့ ပွဲတွေအားလုံးကို တက်ရောက်ဖို့လည်း အစီအစဉ်မရှိသလို သူတို့ကို Support ပေးဖို့လည်း မရှိဘူး”လို့ သူက ဆိုပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း လာမယ့်သင်္ကြန် စည်ကားအောင် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို သင်္ကြန်ပွဲမှာ မဖြစ်မနေပါဝင်ဖို့ ဖိအားပေးပြီး မပါဝင်သူတွေကို အရေးယူမယ့်အဆင့်အထိ လုပ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ပွဲတော်မှာ မပါဝင်ကြဖို့နဲ့ သင်္ကြန်ကာလ လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ သွားလာတာတွေ မပြုလုပ်ကြဖို့ တိုက် တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် မြန်မာ့ရိုးရာသင်္ကြန်မှာလည်း စစ်ကောင်စီက နိုင်ငံအနှံ့သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ပြီး ရေကစားဖို့ ပြုလုပ်ထားပေမယ့် ပြည်သူတွေက ရေထွက်မကစားဘဲ တော်လှန်သင်္ကြန်အဖြစ်ဆင်နွှဲပြီး စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CINCDS