ဘီးလင်း၊ မတ်(၂၂)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီးရှိ စစ်ကောင်စီ သံတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ နှစ်ကြိမ်တိုင်သွား ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး ည ၇ နာရီအချိန်လောက်မှာ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်နဲ့ သံတံတားစစ်ဆေးရေးဂိတ်ကနေ ကရဝေးဆိပ်ကျေးရွာထဲ လက်နက်ကြီး ၅ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရဝေးဆိပ်ကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးကုလား ပွဲချင်းပြီးသေဆုံးခဲ့သလို အသက် ၃၄ နှစ်အရွယ် ကိုအောင်လွင်မှာလည်း ဆေးရုံသို့ ပို့ဆောင်စဉ် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးကုလားရဲ့ဇနီးဖြစ်သူ ဒေါ်ပိုကလည်း နဖူးကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့အတွက် ဒေသခံတွေအကူအညီနဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအပေါ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုအတွက် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ကရဝေးဆိပ်ကျေးရွာဟာ ကရင်လူမျိုးအများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထိန်းချုပ်နယ်မြေထဲက ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အဝန်းကြီးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ဖိုးသင်္ကြန် ကျည်ထိမှန်သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.