ကျိုက်ထို၊ မတ်(၂၂)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ဟာ မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ကျိုက်ထိုတော်လှန် ရေး အင်အားစု KRF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် တပ်မ ၄၄ ဌာနချုပ်ရုံးနဲ့ တပ်မမှူးနေအိမ် အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးတာ ရှိနိုင်ပေမယ့် မြေပြင်အခြေအနေ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ငှက်ပျောတောကျေးရွာအပါအဝင် အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွက် စစ်ကောင်စီတပ်ကို အခုထက်ပိုတဲ့ တုံ့ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ ဖြစ်စဉ်တွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ကလည်း မော်လမြိုင်အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ကို တော်လှန်ရေးအင်အားစုတွေ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ထားပြီး အဆောက်အဦးတစ်လုံး ထိခိုက်ပျက်စီးခဲ့တာတွေ ရှိခဲ့တာပါ။

မွန်ပြည်နယ်ရှိ စစ်ကောင်စီ စစ်ဌာနချုပ်တွေဟာ အခုရက်ပိုင်းအတွင်း ဆက်တိုက်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.