ညောင်လေးပင်၊ မတ်(၂၁)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ် ဆက်တိုက်ကျူးလွန်နေပြီး ၂၀၂၃ ခုနှစ်အတွင်း အဆုံးဝါးဆုံး အခြေအနေတွေအထိ ရောက်ရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေအပေါ်ကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU ဖာပွန်ခရိုင် တပ်မဟာ(၅)၊ ညောင်လေးပင်ခရိုင် တပ်မ ဟာ(၃)နဲ့ သထုံခရိုင် တပ်မဟာ(၁)နယ်မြေထဲမှာ ဇန်နဝါရီလနဲ့ မတ်လအတွင်း အရပ်သားပြည်သူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KHRG ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း ဘာသာရေးအဆောက်အဦး၊ ဆေးပေးခန်းနဲ့ လူနေအိမ်အ ဆောက်အဦးတွေအပါအဝင် အဆောက်အဦးပေါင်း(၂၈)လုံးနဲ့ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ကား၊ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း စောနန္ဒဆူးက ဆိုပါတယ်။

“တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဒီဖြစ်ပွားမှုတွေဟာ အဓိကက တော့ တပ်မဟာ ၁၊ တပ်မ ဟာ ၃၊ တပ်မဟာ ၅ရယ် ဖြစ်ပွားနေတယ်ပေါ့လေ။ ဒီလိုမျိုးလက်နက်ကြီးနဲ့ ပတ်ခတ်မှုတွေကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရကြတယ်၊ သေဆုံးကြရတယ်။ အဲဒီထဲမှာဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေ အထူးသဖြင့် ပါဝင်လာတယ်။ အနည်းဆုံးဒေသခံရွာသား ငါးဦးသေဆုံးတယ်။ ၁၁ဦး ဒဏ်ရာရတယ်။ အဲဒီထဲမှာ အနည်းဆုံး ကလေးငယ် လေးဦးပါဝင်ပြီးတော့ အ မျိုးသမီးတစ်ဦး ပါဝင်တယ်။ ဒီအရေအတွက်မှာဆိုလို့ရှိရင် ကျွန်တော်တို့ လက်လှမ်းမီတဲ့ မှတ်တမ်းပြုစုချက်ပဲဖြစ်တယ်။ ထိခိုက်နစ်နာ၊ သေဆုံးမှုက ဒီထက်များပြားနိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ ၂၀၂၃ ခုနှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့သလို အသက်န္တရာယ်နဲ့ ဘဝမလုံခြုံမှုပြဿနာကို အကြီးအကျယ် ရင် ဆိုင်လာရတာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လာတယ်လို့ စောနန္ဒဆူးက ဆိုပါတယ်။

“အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်ခြင်းဟာဆိုရင် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားခြင်း ဥပဒေကို လုံးဝချိုးဖောက်ရာရောက်တယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်အတွင်းမှာ ဆိုလို့ရှိရင်တော့ ဒီနှစ်လပိုင်း၊ သုံးလပိုင်း ၂၀၂၃ခုနှစ်မှာ လုံးဝလုံခြုံမှုမရှိသေးဘူး။ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။ အပြန်အလှန်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ပြည်သူလူထုတွေ ဆက်လက်ပြီးတော့မှ ထိခိုက်ဒဏ်ရာရတယ်။ သေကြေရတယ်။ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရတယ်။ အကြောက်တရားတွေနဲ့ နေထိုင်ရတယ်။ ပြည်တွင်းနေရာရွှေ့ပြောင်းနေထိုင်မှုတွေလည်း ဆက်ဖြစ်ပွားနေတယ်။ နောက်ပြီး လူသားချင်းစာနာထောက် ထားမှု အကူအညီတွေလည်း ဆက်လက်လိုအပ်နေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ စစ်ရေးပဋိပက္ခ ပိုမို ပြင်းထန်လာတဲ့ KNU ဖာပွန်ခရိုင် တပ်မဟာ(၅)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နဲ့ သထုံခရိုင် တပ်မဟာ (၁)နယ်မြေတို့မှာ အဖြစ်များနေတာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ ထုတ်ပြန်ချက်အရ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအရပ်သားပြည်သူ(၅၀၀,၀၀၀)ကျော်ရှိနေပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.