ရသထုံ၊ မတ်(၂၁)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်းပေါ်မှာ မတ် ၁၉ ရက်နေ့က စစ်ကောင်စီယာဉ်တန်းနဲ့ ကင်းစခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။
အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဘားအံဘက်ကနေ သထုံဘက်ကို မောင်းနှင်းလာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝါးဘိုတောကျေးရွာနဲ့ ဒူးရင်းဆိပ်ကျေးရွာအကြားမှာ KNLA ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် ဒူးရင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခလရ ၂၄ တပ်ရင်းရဲ့ ကော့စတစ်စက်ရုံရှိ စစ်ကောင်စီ ကင်းပုန်းတပ်ဖွဲ့နဲ့ ဒူးရင်းဆိပ်တံတားရဲကင်းတွေကို ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ပါ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့သလို ဒူးရင်းဆိပ်တံတားရဲကင်း တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် ဘားအံ-သထုံကားလမ်းပေါ်မှာ ခရီးသွားကားတွေ ၂ နာရီနီးပါးအကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကလည်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ် ဒူးရင်းဆိပ်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက် တိုက်ခိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Saw Welkoe