နေပြည်တော် ၊ မတ် (၂၁)အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာကျောက်မျက်တရတနာပြပွဲကနေ နိုင်ငံခြားဝင်ငွေ ရှာဖွေနေပြီး ဒီဝင်ငွေတွေဟာ လူထုတွေအပေါ် စစ်ရာဇဝတ်မှု ထပ်မံကျုးလွန်ဖို့ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money က သတိပေးလိုက်ပါတယ်။
စစ်ကောင်စီဟာ ၅၈ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နေပြည်တော်မှာ ခင်းကျင်းပြသနေပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တာပါ။
ပြပွဲမှာ ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချတာတွေရှိပြီး အပြင်ဘက်မှာတော့ လုံးခင်း/ဖားကန့် ရတနာနယ်မြေ မက်လင်ချောင်အကျိုးတူ (၂) ကနေ ထွက်ရှိတဲ့ ကျောက်စိမ်းတုံးကြီးနဲ့ ကျောက်စိမ်းရိုင်းအတွဲတွေကိုလည်း ခင်းကျင်းပြသထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။
သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money တာဝန်ရှိသူတစ်ဦးကတော့ ကျောက်မျက်ရတ နာ ရောင်းချမှုဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေရချင်လို့ လုပ်ဆောင်တာဖြစ်ပြီး ဒီဝင်ငွေတွေကနေ လူထုတွေပေါ် ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ထပ်မံလုပ်ဆောင်လာနိုင်တယ်လို့ ထောက်ပြပါတယ်။
“နိုင်ငံခြားဝင်ငွေရချင်လို့ လုပ်တဲ့ဟာပဲ ဖြစ်တယ်။ ဒီကနေပဲ နိုင်ငံခြားငွေရတာကိုး။ ဆိုတော့ နိုင်ငံ ခြားငွေရမှပဲ လက်နက်ဝယ်တာတို့၊ လေယာဉ်ဆီဝယ်တာတို့ အဲဒီလိုမျိုးလုပ်နိုင်ဖို့ တိုင်းသူပြည်သားတွေကို သတ်နိုင်ဖို့ တရားဝင် ဝင်ငွေရမှ ဖြစ်မှာကိုး။ စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ဖို့ ဆက်ပြီးတော့ ကိုယ့်တိုင်းသူပြည်သားတွေကိုသတ်ဖို့ လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီးတော့မှ သတ်ဖြတ်နေဖို့ ဝင်လာတဲ့ ဝင်ငွေတွေဖြစ်တယ်။ အဲဒီဝင်ငွေတွေကို တကယ်တမ်းကျတော့ ကျွန်မတို့ Boycott (သပိတ် မှောက်) လုပ်ရမှာဖြစ်တယ်။ ဘယ်နိုင်ငံကမှလည်း မဝယ်သင့်ဘူး။ နောက်ပြီး ပြည်တွင်းကလည်း မယူသင့်ဘူး။ ဘာကြောင့်လဲဆို ဒီပိုက်ဆံတွေက တရားဝင်ဝင် သွားတဲ့လမ်းကြောင်းအနေနဲ့ လက်နက်ပြန်ဝယ်ဖို့ ဖြစ်သွားတယ်။ ဒါကြောင့်ဒီဟာက ကျွန်မတို့အရေးကြီးတယ်လို့ မြင်တယ်”လို့ သူကဆိုပါတယ်။
အခုပြပွဲမှာ ပုလဲအတွဲပေါင်း ၂၉၀ ကျော်၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ စည်းကမ်းသတ်မှတ် ချက်နဲ့အညီ ရောင်းချပေးသွားမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ကြမ်းခင်းဈေးကိုတော့ အမေရိကန်ဒေါ်လာအပြင် ယူရိုငွေနဲ့ သတ်မှတ်ပြီး ပြည်ပကုန်သည်တွေက ကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့နဲ့ ပေးချေနိုင်သလို ပြည်တွင်းကုန်သည်တွေကတော့ ဈေးကွက်ပေါက်ဈေးနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ပေးချေရမှာ ဖြစ်ပါတယ်။
Blood Money အနေနဲ့ ကျောက်မျက်ရတနာဝယ်ယူတဲ့ ကုန်သည်တွေကို တောက်လျှောက်စောင့်ကြည့်နေပြီး မတရားမှုအားပေးတဲ့သူတွေအဖြစ် မှတ်တမ်းတင်ထားမယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူက ထပ်ပြောပါတယ်။
“ဒီဟာကို ဝယ်ယူတဲ့ကုန်သည်တွေ ကျွန်မတို့ တောက်လျှောက်စောင့်ကြည့်နေတဲ့သူတွေထဲမှာ ပါမယ်။ ဒီလူတွေက မတရားမှုကို အားပေးတဲ့သူတွေ၊ လူသတ်တာ အားပေးတဲ့သူတွေလို့ ကျွန်မတို့ မှတ်တမ်းတင်ထားမယ်။ နောက်ဒီအရာတွေနဲ့ ပတ်သက်ပြီးတော့မှ လုံနိုင်သလောက် ဘယ်လောက်လုံနိုင်အောင်လုပ်လုပ် ဒီကျောက်မျက်ရတနာဆိုတာ သိမ်းထားလို့ရတဲ့အရာ မဟုတ်တဲ့အတွက်ကြောင့် ပေါ်လာမှာပဲပေါ့လေ။ ဒါကြောင့်မို့ အခုချိန်မှာ လုံးဝမပါဝင်ဖို့ လုံးဝဒီပွဲမှာဝင်ပြီးတော့ လက် မလျှိုမိလို့ သတိပေးလိုပါတယ်”လို့ သူက ဆိုပါတယ်။
Justice For Myanmar ကလည်း ကျောက်စိမ်းနဲ့ ကျောက်မျက်တွေဟာ စစ်ကောင်စီနဲ့ သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့တွေအတွက် အခွန်ဝင်ငွေ ကြီးကြီးမားမားရရှိတဲ့ ရင်းမြစ်တစ်ခုဖြစ်တဲ့အပြင် လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့ပေးနေတယ်လို့ သတိပေးထားပါတယ်။
Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်ကလည်း ကျောက်စိမ်းနဲ့ ကျောက် မျက်ရတနာလုပ်ငန်းတွေဟာ စစ်ကောင်စီကို ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း ဝင်ငွေတွေလိုပဲ နိုင်ငံခြားဝင် ရရှိနေတဲ့အတွက် အထူးသတိပြုဖို့လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
Justice For Myanmar ရဲ့ ဖော်ပြချက်အရ စစ်တပ်အနေနဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာလည်း သူတို့ ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ကတဆင့် အကျိုး အမြတ်တွေရရှိနေပြီး ဦးပိုင်ကုမ္ပဏီဟာ ကိုယ်ပိုင်ကျောက်စိမ်းနဲ့ ပတ္တမြားစီးပွားရေးလုပ်ငန်းတွေကို တူးဖော်ရေး လိုင်စင်အများဆုံး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဦးပိုင်ကုမ္ပဏီကို ၂၀၂၁ ခုနှစ် ဧပြီမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပြီးနောက် ယူကေနိုင်ငံနဲ့ ဥရောပသမဂ္ဂကလည်း မေနဲ့ ဇွန်လအတွင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြတာပါ။
ဒါပေမယ့် မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ လက်တလောမှာ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီ အတွက် ဝင်ငွေရှာပေးနေတာဖြစ်ပြီး အဲဒီလုပ်ငန်းကို အမေရိကန်က ပိတ်ဆို့ထားပေမယ့် ကျောက်မျက်ရောင်း ဝယ်တင်သွင်းမှုကို ဆက်လက်ခွင့်ပြုထားတယ်လို့ Justice For Myanmar က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -MOI