မုန်း၊ မတ်(၁၉)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အပြင် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက မတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မတ်(၁၇)ရက်နေ့ မနက်(၄)နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ပူးပေါင်းတပ်တို့အကြား KNU မုန်းမြို့နယ်အတွင်းရှိ ထွနီကုန်းကျေးရွာနဲ့ ဆေးပုလဲကျေးရွာ အကြားမှာ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ အချက်ပေါင်း(၄၀)ကျော် ပစ်ခတ်ခဲ့တာပါ။

ဒီလို စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်ခဲ့ရာ ထွနီကုန်းကျေးရွာ အပြင်ဘက် ကွင်းပြင်နဲ့ ဘိုးပိုက်ဆံကျောင်း ဆေးပုလဲကျေးရွာ အနောက်ဘက်ခြမ်းတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗြမ္မရ်စိုဘာသာရေး အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။

အဲဒီနေ့ မနက်(၈)နာရီ မိနစ်(၅၀)အချိန်မှာလည်း စစ်ကောင်စီတပ်က ရေလဲ(ဗမာ)ဘုန်းကြီးကျောင်းပေါ်ကို ဒရုန်းနဲ့ လက်နက်ကြီး(၄)လုံး ပစ်ချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားဆောင်နဲ့ ဓမ္မာရုံအမိုးတွေ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူအချို့ နီးစပ်ရာဗုံးခိုကျင်းထဲ ပုန်းခိုနေကြရသလို ထွနီကုန်းကျေးရွာနဲ့ ဆေးပုလဲကျေးရွာ(၂)ရွာက ဒေသခံပြည်သူ(၁၁၆၂)ဦးဟာ ဘေးလွတ်ရာ နေရာတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်(၁၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ညောင်ကုန်းကျေးရွာကနေ ရေလဲ(ကရင်) ကျေး ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေလဲကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းအမိုး အနည်းငယ်ပျက်စီးခဲ့ရပြီး ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး စစ်ရေး လှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် တပ် မဟာ ၃ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ဒေသခံပြည်သူဦးရေ (၁၄၀,၀၀၀) ကျော်ဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.