မော်လမြိုင်၊ မတ်(၁၉)
မွန်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝါရင့်နိုင်ငံရေးပုဂ္ဂိုလ် ကွယ်လွန်သူနိုင်ငွေသိမ်းရဲ့ အသက် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးအခမ်းအနားကို မတ် ၁၉ ရက်နေ့ မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံမှာ ကျင်းပမယ်လို့ ကျင်းပရေးကော်မတီကနေ သိရပါတယ်။
နိုင်ငွေသိမ်းဟာ ၁၉၂၃ ခုနှစ် မတ် ၁၉ ရက်နေ့မှာ ကရင်ပြည်နယ်၊ဘားအံမြို့နယ်ရှိ မွန်လူမျိုးတွေ အများ စုနေထိုင်ကြတဲ့ ထုံးအိုင်ကျေးရွာမှာ မွေးဖွားခဲ့သူဖြစ်ပြီး ထုံးအိုင်အမျိုးသားကျောင်းမှာ ပညာ သင်ကြားခဲ့တာပါ။
အသက် ၁၅ နှစ်အရွယ်မှာ ဖျာပုံအထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းသားခေါင်းဆောင်အဖြစ် စတင်ခဲ့ပြီးနောက်မှာတော့ ရန်ကုန် ယုဒသန်ကောလိပ်မှာ တက္ကသိုလ်ကျောင်းသားဘဝတ လျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။
၁၉၄၂ ခုနှစ် အသက် ၁၉ နှစ်အရွယ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ထဲဝင်ခဲ့ပြီး အဲဒီကနေ အာရှ လူငယ်အစည်းအရုံးကို ဝင်ရောက်ကာ ဂျပန်တော်လှန်ရေးခေတ်မှာ ရန်ကုန်ခရိုင်အတွင်းရှိ ပြောက်ကျားအဖွဲ့မှာ လှုပ်ရှားခဲ့တာပါ။
၁၉၄၈ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာတော့ ဇာသပြင်ရဲစခန်းသိမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ရွှေကျင်နဲ့အတူ ဖမ်းဆီးခံရပြီး မော်လမြိုင်အကျဉ်းထောင်မှာ ထောင်ကျခံခဲ့ရပါတယ်။
အဲဒီနောက် KNU ကနေ မော်လမြိုင်အာဏာပိုင်တွေကို ဖမ်းဆီးညှိနှိုင်းပြီး ဇူလိုင် ၃၁ ရက် ညနက်ပိုင်းမှာတော့ ပြန်လွတ်လာခဲ့ပါတယ်။
၁၉၅၀ ခုနှစ်မှာတော့ ဖာပွန်မှာကျင်းပတဲ့ KNU ညီလာခံကို ကရင်လူမျိုးတွေရဲ့ ခေါင်းဆောင် စောဘဦး ကြီးနဲ့အတူ သွားရောက်ခဲ့ပြီး နောက်တစ်နှစ်မှာ မွန်လူထုစုစည်းခိုင်မာရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားခဲ့ပါတယ်။
အဲဒီကနေ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းရာ နိုင်ငွေ သိမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို မွန်ပြည်သူ့တပ်ဦး ဖွဲ့စည်းရာမှာလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ပါဝင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ၈ လေးလုံး လူထုအရေးတော်ပုံကြီးမှာတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူ ဦးဆောင် လှုပ်ရှားခဲ့ပြီး ၁၉၉၁ နိုဝင်ဘာလမှာ နိုင်ငံရေးသင်တန်းပို့ချမှု၊ နိုင်ငံရေးသင်တန်းစာအုပ်တွေ ထုတ်ဝေဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံရပါတယ်။
၁၉၉၄ ခုနှစ် ဩဂုတ်မှာ နဝတနဲ့ အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ တောင်းဆိုမှုကြောင့် ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
၁၉၉၈ ခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီကို ပေးပို့တဲ့အကြံပြုစာတမ်းမှာ “နဝတ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည်” ဆိုတဲ့ အသုံးနှုှန်းကြောင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြန်ပါတယ်။
အဲဒီကနေ ၂၀၀၄ ခုနှစ် ဇွန်မှာ မော်လမြိုင်ထောင်ကနေ ပြန်လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံ ရေးလှုပ် ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်ကာ မွန်ဒီမိုကရေစီပါတီမှာ ယာယီဥက္ကဌအဖြစ်လည်း ကောင်း ၂၀၁၄/၂၀၁၅ ခုနှစ်မှာတော့ မွန်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ကျန်းမာရေးအခြေအနေကြောင့် ပါတီရဲ့ ဂုဏ်ထူးဆောင်နာယကအဖြစ် ဆက် လက် တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ ရန်ကုန်မြို့ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ အဟောင်းဖြစ်ပါသည်။