မော်လမြိုင်၊ မတ်(၁၉)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြေနီကုန်းကားဝင်းအရှေ့ရှိ ဈေးဆိုင်ခန်းတွေကို ၂ ပတ်အတွင်း ဖျက် သိမ်းပြီး ဖယ်ရှားကြဖို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက ဖိအားပေးလာတယ်လို့ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ မြန်မာ့မီးရထားဌာနက သူတို့ဌာနပိုင်မြေနေရာတွေမှာ ဆောက်လုပ်ထားတယ်ဆိုတဲ့ ဈေးဆိုင် ခန်းတွေကို ၂ ပတ်အတွင်း ဖျက်သိမ်းကြဖို့ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့လာတာ ဖြစ်ပါတယ်။အဲဒီအကြောင်းကြားစာမှာ ၂ ပတ်အတွင်း ဖယ်ရှားရှင်းလင်းခြင်းမရှိတဲ့ ဈေးဆိုင်ခန်းငှားရမ်းသူတွေအနေနဲ့ ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ခြိမ်းခြောက်ထားတာပါ။ဈေးဆိုင်ခန်းတွေ ဖယ်ရှားဖို့ အကြောင်းကြားစာ ပေးပို့ရာမှာလည်း မဖြစ်မနေဖယ်ရှားရမယ်လို့ ခံဝန်လက်မှတ် အတင်းအဓမ္မထိုးခိုင်းတာတွေလည်း လုပ်ဆောင်သွားတယ်လို့ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခြေအနေက သူတို့ရုံးစာတော့ ပြီးခဲ့တဲ့ တစ်ရက်၊နှစ်ရက်လောက်က ထွက်တယ်လေ။ ရုံးစာထွက်ပြီးတာနဲ့ (၁၄)ရက်အတွင်းကို ဖယ်ပေးရမယ်လို့တော့ အမိန့်စာတော့ ကျလာတယ်။ သူတို့ အဲဒီစာရွက်တွေလာပေးပြီး လက်မှတ်ထိုးပြီးတာနဲ့ တစ်ခါ သူနဲ့သက်ဆိုင်တဲ့ အဆောက်အဦးက လူတွေက စာရွက်တွေအကုန်လုံး ယူသွား တယ်၊ သူတို့ သတ်မှတ်ရက်မှာ မဖယ်ရင်တော့ ဒီထောင်ဒဏ် ရက်(၃၀)လို့ ရေးထားတယ်၊ ဒီဆိုင်ခန်းတွေ အကုန်လုံးကတော့ ဆိုင်ဌားပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီအဆောက်အဦးက လူတွေအကုန်လုံးက လက်မှတ်တော့ အကုန်လုံး ထိုးရတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ မြန်မာ့မီးရထားဌာနကတော့ မိမိတို့ရဲ့ ဆိုင်ခန်းတွေကို သတ်မှတ်ရက်အတွင်း အပြီး ဖျက်သိမ်းပြီး ဖယ်ရှားရှင်းလင်းဖို့နဲ့ မဖယ်ရှားပါက အင်းအားအလုံးအရင် အသုံးပြုကာ ဘက်ဟိုးတွေနဲ့လာ ရောက် ဖျက်စီးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒီဈေးဆိုင်ခန်းတွေဟာ မီးရထားဝန်ထမ်းတွေနဲ့ နီးစပ်သူတချို့ပေါင်းပြီး အငှားချထားတာကြောင့် ဆိုင်ခန်း ဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်ပြီး အခုလိုရုတ်တရက် ဖယ်ရှားခိုင်းတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲ ရှိလာတယ်လို့ ဆိုင်းခန်းငှားရမ်းလုပ်ကိုင်သူတစ်ဦးကလည်း ပြောပါတယ်။“ကျွန်မတို့ငှားထားတဲ့ ပိုင်ရှင်ကကျတော့ အောက်ခြေလူနဲ့ နားလည်မှုနဲ့ ဒီနေရာကို ယူထားတာပေါ့။ သူတို့ ဆီကနေမှ တစ်ဆင့် ပြန်ငှားရတာပေါ့။
မီးရထားဝန်ထမ်း အငြိမ်းစားတို့နဲ့ သူတို့ နည်းနည်းပါးပါး ပေါင်းပြီးတော့ လုပ်တာပေါ့။ အခုကတော့ ရုတ်တရက်ကြီး လာလုပ်တော့ ကျွန်မတို့တော့ နည်းနည်း ဒုက္ခရောက်တာပေါ့။ လောလောဆယ် ဆိုင်ပိတ်ရမယ်၊ လူနေဖို့ တချက်ရှာရမယ်။ ဆိုင်နားရင် လောလောဆယ် စားဝတ်နေရေး တော့ နည်းနည်း ခက်ခဲတာပေါ့။
ဆိုင်ဖွင့်တုန်းကလည်း ကိုယ့်မှာ အရင်းအနှီးသိပ်အများကြီး မရှိတော့ ဒီလိုပဲ ဘေးကနေပြီးတော့ သူများဆီက ချေးငှားတာတွေလည်း ပါတာပေါ့။ အခုဆိုင်နားဟေ့ ဆိုရင်တော့ ဒီချေး ထားတဲ့ ပိုက်ဆံတွေလည်းရှိတယ်၊ စားဝတ်နေရေးကတော့ လောလောဆယ် ပျံကျအလုပ်ပဲ ရှာနေရမယ့် အနေအထားပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီ မြန်မာ့မီးရထားဌာနက ဖယ်ရှားခိုင်းနေတဲ့ ဈေးဆိုင်ခန်းတွေဟာ လွန်ခဲ့တဲ့ ၆ နှစ်ဝန်းကျင် လောက်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းတွေရှိသလို ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကမှ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင် ခန်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဖယ်ရှားခိုင်းတဲ့ ဆိုင်ခန်းတွေကိုတော့ စစ်ကောင်စီ မြန်မာ့မီးရထားဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ဆိုင်ခန်း တစ်ခန်းကို တစ်လလျှင် ငှားရမ်းခအနေနဲ့ ကျပ်(၁)သိန်းဝန်းကျင်ကနေ ကျပ်(၂)သိန်းဝန်းကျင်အထိ ပေးဆောင် ခဲ့ရတယ်လို့ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
စစ်ကောင်စီက ဖျက်သိမ်းဖယ်ရှားခိုင်းတဲ့ မြန်မာ့မီးရထားပိုင်မြေပေါ်ရှိ ဆိုင်ခန်းတွေမှာ ထမင်းဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ကုန်ပစ္စည်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်၊ ကားပြင်ဆိုင်အပါအဝင် ဆိုင်ခန်းပေါင်း (၃၀)ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLT
All reactions:535535