ရန်ကုန် ၊ မတ်(၁၆)
အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့အတွက် ဆိုရှယ်မီဒီယာ တွေကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် ၊ အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးကိုယ်စားလှယ်တွေအပါအဝင် ကုလသမဂ္ဂအထူးအရာရှိတွေက မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အနှောင့်ယှက်ပေးဖို့နဲ့ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့ စစ်တပ် လိုလားသူတွေက ဆိုရှယ်မီဒီယာကို အသုံးချနေကြပြီး အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား အကြီးအကျယ် အန္တရာယ်ပြုနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီကို လိုလားသူတွေဟာ နိုင်ငံရေးလှုပ်ရှားတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေကို ဂုဏ်သိက္ခာချဖို့ အမုန်းစကားတွေ၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်း ပြောဆိုချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ ရေး သား နေကြတာပါ။
အဲဒီလိုရိုင်းစိုင်းကြမ်းတမ်းမှုတွေကြောင့် အမျိုးသမီးတွေအတွက် အွန်လိုင်းလှုပ်ရှားမှုတွေ လျှော့ချပြီး လူမှုဆက် ဆံရေးကနေ နောက်ပြန်ဆုတ်ကြရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အထွေထွေအတွင်းရေးမှူး နန်းမို့မို့ကတော့ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ တိုက်ခိုက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ တွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီးတော့ ဖော်ပြတာ၊ တိုက်ခိုက်တာ။ အဲဒါနဲ့ဆက်စပ်ပြီး အကြမ်းဖက် မှုတွေဖြစ်စေတာ။ ဒါတွေကိုလည်း အများကြီးလုပ်ဆောင်နေတာကို ကျွန်မတို့ တွေ့ရတယ်။ ပြီးလို့ရှိရင် အမျိုး သမီးတွေကို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စေတဲ့ဟာမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ တွေ့ရတယ်။ အမျိုးသမီးတွေကို Personal Attacks (ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု) အများကြီး လုပ်တယ်။ သူတို့ရဲ့ ပရောဖက်ရှင်နယ်လုပ်နေတဲ့အလုပ်ပေါ်မှာလည်း တကယ့်ကို တိုက်ခိုက်နေတာ တွေ့ရ တယ်။ ခြိမ်းခြောက်တာ၊သတ်ပစ်လိုက်မှာတို့။ အဲဒီလိုဟာတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်နေတာကို ကျွန်မတို့ တွေ့ရတယ်”လို့ သူက ဆိုပါတယ်။
စစ်အုပ်စုလိုလားသူတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးမှာ လှုပ်ရှားနေကြသူတွေကို အကြမ်းဖက်သမားအဖြစ် အမည်တပ်ပြီး ဖမ်းဆီးတာ၊ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်တာ၊ရွာတွေကို မီးရှို့တာအပြင် အစုလိုက်အပြုံလိုက် အရပ်သားတွေ သတ်ဖြတ်ခံရမှုကို ဓာတ်ပုံနဲ့တကွ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြ နေတာပါ။
ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်အများစုမှာ တော်လှန်ရေးလှုပ်ရှားသူတွေ ဖမ်းခံရပြီး အဲကနေ ချိတ်ဆက်ထားသူတွေကို နာရီပိုင်း၊ရက်ပိုင်းတွင်း ဖမ်းဆီးဖို့ လုပ်ပြနေတာတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မလုံခြုံမှုတွေကို ခြိမ်းခြောက်နေတယ်လို့ ဒီမိုကရစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း နိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ပြီး လူ့အသက်ဆုံးရှုံံး အောင်၊ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဆိုရှယ်မီဒီယာတွေကို သုံးစွဲတဲ့သူ၊ ဘယ်အဖွဲ့အစည်း မဆို ဥပဒေနဲ့ မညီဘူးလို့ ထောက်ပြပါတယ်။
“နိုင်ငံမှာရှိနေတဲ့ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ပြီးတော့ လူ့အသက်တွေဆုံးရှုံးအောင် ပြီးရင်လူ့ရဲ့ကိုယ်ခန္ဓာ ထိခိုက်အောင်၊ စိတ်ပိုင်းရုပ်ပိုင်းထိခိုက်အောင် ဆောင်ရွက်တာမျိုးတွေ။ အဲဒီလို ဆောင်ရွက်ဖို့ မီဒီယာတွေကို သုံးစွဲလာရင် သုံးစွဲတဲ့သူ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဘယ်အင်အားစုဖြစ်ဖြစ် ဒါ ဥပဒေနဲ့ မညီဘူး၊ ဥပဒေနဲ့ ဆန့်ကျင်တာလို့ ပြောလို့ ရပါတယ်”လို့ သူက ဆိုပါတယ်။
စစ်တပ်လိုလားသူတွေရဲ့ ခြိမ်းခြောက်မှုအပေါ် ခံရသူတွေအနေနဲ့ သူတို့ရဲ့ ယုံကြည်ချက် အတွေးအခေါ်၊ အယူအဆ၊သုံးသပ်ချက်တွေကို အွန်လိုင်းဆိုရှယ်မီဒီယာကနေ ပြောဆိုဝေမျှဖို့ လက်တွန့်ကြောက်ရွံ့စေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးမပြုရဲတော့တဲ့အထိ ဖြစ်စေတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အ ရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ်ကလည်း အခုလုပ်ရပ်ဟာ စစ်ကောင်စီကို ဆန့်ကျင်ရင် အချိန်မရွေး သတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေလုပ်ပြပြီး ပြည်သူတွေအပေါ် အကြောက်တရားနဲ့ ပြန်ဖိနှိပ်လို့ရ မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ဆိုပါတယ်။
“ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်၊ စစ်ကောင်စီက သူတို့ကို တိုက်ခိုက်တယ်၊ သူတို့ကို ဆန့်ကျင် တယ်ဆိုရင် ဘယ်တော့မှ အောင်ပွဲမရစေရဘူး။ ဒီလိုမျိုး ဘဝပျက်တဲ့အထိ အရေးယူခံရမယ်၊ အိမ်တွေသိမ်း ခံရမယ်၊ လူကလည်း ထောင်ချခံရမယ်။ ထောင်မကျခင် စစ်ကြောရေးမှာ နှိပ်စက်ခံရမယ်။ အဆင်မသင့်ရင် အသက်ဆုံးရှုံးသွားနိုင်မယ်၊ အချိန်မရွေး သတ်လို့ ရတယ်။ ဒါမျိုးအခြေအနေတွေကို ဒီလုပ်ရပ်တွေ လုပ်ပြပြီး တော့ သူတို့ကိုဆန့်ကျင်နေတဲ့ တစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူတွေ အားလုံးအကြောက်တရားနဲ့ နဂိုလို ပြန်ဖိနှိပ်လို့ ရမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်ပါတယ်”လို့ သူက သံလွင်တိုင်မ်းကို ပြောပါတယ်။
စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (CCCT) ကလည်း သူတို့ကို ဆန့်ကျင်ပြီး အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ ပိုစ့်တွေ မျှဝေတာ၊ Like လုပ်တာ၊ ဝေဖန်ချက် ရေးသားတင်ပြတာတွေက ဥပဒေအရ အရေးယူခံရနိုင် တယ်လို့ လူထုတွေဆီ ဆက်သွယ်ရေးအော်ပရေတာကတစ်ဆင့် SMS တွေ ပေးပို့နေတာပါ။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေကတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေထဲမှာ တယ်လီဂရမ်ဟာ စစ်တပ်လိုလားသူတွေ လှုပ်ရှားတဲ့နယ်ပယ် ဖြစ်လာပြီလို့ သတိပေးထားပြီး တယ်လီဂရမ်အနေနဲ့ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့အကောင့်တွေအပေါ် စနစ်တကျထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ