မော်လမြိုင် – မတ်(၁၆)

စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာ စစ်အုပ်စုအလိုကျ အသုံး ချခံကာ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတာတွေကို အားပေးအားမြှောက်လုပ် နေတာဖြစ် တဲ့အတွက် အဲဒီ အဖွဲ့အစည်းတွေအားလုံးကို အရေးယူသွားမယ်လို့ NUG ကအသိပေးထား ပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၁၅) ရက်နေ့က “အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန် ပြင်ဆင်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်” ဆိုပြီး အသိပေးထားတာ ပါ။

စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ အလိုတူအလိုပါ အဖွဲ့အစည်းတွေ၊ အားပေး အားမြှောက်ပြုတဲ့ အဖွဲ့အစည်းတွေကို အစိုးရနည်းနာနဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အတွက် တော်လှန်ရေးအပေါ် သစ္စာပြုကာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပေမယ့် ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားတာ မရှိသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တာဟာ ပြည်သူ့ဆန္ဒကို သွေဖယ်ဆန့်ကျင်ပြီး စစ်အုပ်စုရဲ့ ဖြစ်တည်မှုကို အတိအလင်း လက်ခံလိုက်တာဖြစ်တဲ့အပြင် စစ်အုပ်စုအလိုကျ အတူတကွ လိုက်ပါအသုံးချခံကာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ဖို့ အားပေးအားမြှောက်ပြုတာဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

စစ်အုပ်စုအနေနဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကြပ် လုပ်လာခဲ့ရင်လည်း အဲဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲကတဆင့် ပေါ်လာတဲ့ လူပုဂ္ဂိုလ်၊အစုအဖွဲ့တွေဟာ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်၊ လွှတ်တော်၊အစိုးရအဖွဲ့တွေ ဖြစ်လာမှာမဟုတ်ဘဲ စစ်တပ်ရဲ့ ရုပ်သေးရုပ် အစုအဖွဲ့ တွေသာ ဖြစ်လာမယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးပါတီတွေကို ပြန်ပြီ မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ့် ဥပဒေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၆) ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် စတင်လျှောက်ထားလို့ရတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၄ ရက်နေ့အထိ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့် ၅ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ၁၈ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားထားပါတယ်။

အဲဒီမှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီတွေထဲမှာ မွန်ပြည်နယ်အတွင်းက မွန်ညီညွတ်ရေးပါတီ လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – နေပြည်တော်မှာ UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံညှိနိုင်းအစည်းအဝေးအပြီး တွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.