ကျိုက်မရော၊ မတ်(၁၅)
မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးပြစ်မှုတွေနဲ့ အ ကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေးလိမ်လည် တောင်း ခံတာတွေ ရှိနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ အကျဉ်းဦးစီဌာန လက်အောက်ခံ ထောင်ဝန်ထမ်းတွေဟာ အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ အဆက်အသွယ် ဖြတ်ထားပြီး အပြင်မှာ နည်းအမျိုးမျိုးနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး လိမ်လည် တောင်းခံနေတာပါ။
ထောင်းဝန်ထမ်းတွေဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ထောင်ပြောင်းရမယ်၊ အလုပ်မလုပ် ချင်ပါက ငွေကြေးပေးဆောင်ရမယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ မသိဘဲ သိန်းနဲ့ချီတောင်းခံတာတွေ ရှိသလို လိုအပ်လို့ ငွေကြေးတောင်းခံပါကလည်း ငွေကျပ်(၁)သိန်းလျှင် (၃)သောင်း ဖြတ်ယူတာတွေ ရှိတယ်လို့ နိုင်ငံ ရေးအကျဉ်းသားတစ်ဦးက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားဆိုရင် လုံးဝဘယ်သူနဲ့မှ ဆက်သွယ်ဆက်ဆံဖို့ကို မရဘူး။ မိသားစုနဲ့ တွေ့ခွင့်ပိတ်ပင် ထားတယ်။ ထောင်ဝင်စာတွေ ပိတ်ပင်ထားတယ်။ တစ်ခါတလေကျရင် ကိုယ်ကမတောင်းဘဲနဲ့ အိမ်ကို သူတို့ကနေပြီးတော့ ဒီမှာဘာလုပ်ရမယ်၊ ထောင်ပြောင်းပါတော့မယ်၊ အလုပ်မလုပ်ချင်ရင် (၁)သိန်းတို့ (၂) သိန်းတို့ ပေးရတယ်။ အဲဒီလိုမျိုးတွေ အိမ်ကိုလှမ်းတောင်းတယ်ဗျာ။ ကျွန်တော်တို့ မိသားစုနဲ့ အဆက်ဖြတ် ထားတဲ့အခါကျတော့ ကျွန်တော်တို့က ဘာမှမသိရဘူး။ နောက်တစ်ခုက ကိုယ်တွေက ကွမ်းဝယ်စားချင် တာတို့၊ သက်သာငွေတို့ဘာတို့၊ နောက်တစ်ခု အဲဒီလိုမျိုးသူတို့ ဝန်ထမ်းတွေကနေ မှာပေးတယ်ဆိုပြီး ကျွန် တော်တို့ မှာလိုက်လို့ရှိရင် (၁)သိန်းကို (၃)သောင်း ဖြတ်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်ဝန်ထမ်းတွေက အပြင်မှာမိသားစုဝင်တွေဆီကနေ ငွေကြေးတောင်းခံတဲ့အပြင် ထောင်အ တွင်းမှာလည်း သူတို့မွေးထားတဲ့ လူမိုက်တွေကနေ နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံသင်ခ၊ ရေပြင်ခ၊ မီးပြင်ခ အပါအဝင် တခြားနည်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေတာပါ။
စစ်ကောင်စီအကျဉ်းဦးစီးဌာန လက်အောက်ခံ ထောင်ဝန်ထမ်းတွေဟာ သူတို့နည်းအမျိုးမျိုးနဲ့ တောင်းခံတဲ့ ငွေကြေးတွေကို မပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထောင်အတွင်း ရိုက်နှက်နှိပ်စက်တာတွေ ရှိတယ်လို့ ပြန်လည်လွတ်မြောကုလာသူတွေက ဆိုကြပါတယ်။
ဝါရင့်တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်ကလည်း အကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအ နေတွေဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် ဥပဒေအကာအကွယ် မရှိတော့သလို စည်းမဲ့ကမ်းမဲ့အဆင့်အထိ ရောက်ရှိလာတယ်လို့ ဝေဖန်တာပါ။
“ဒီလို တောင်းခံဖို့လည်းပဲ ဥပဒေကတော့ ခွင့်မပြုထားပါဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ အနေအထိုင် ချောင်အောင်လို့ ဆိုပြီးတော့ ပြောပြီးတော့ နှစ်ဦးသဘောတူ ပေးရင်တော့ တစ်မျိုးပေါ့နော်။ တကယ်ကျတော့ အကျဉ်းသားကလည်းပဲ ငွေကိုကိုင်ထားခွင့်မရှိဘူး။ အကျဉ်းသားကလည်း အပ်ထားရတာကို (၁)သိန်းဆို (၁)သိန်းပေါ့။ (၁)သိန်း အများဆုံးဘဲထင်တယ် အပ်ထားရတယ်။ သူကလိုတဲ့အချိန် ဆေးဝယ်ဖို့တွေ၊ ကိုယ် စားချင်တာရှိရင် စားချင်တာမှာလို့ရတယ်။ အဲဒါတွေက ထောင် ကျတွေပေါ့နော်။ ကျန်တဲ့နိုင်ငံရေး ပုဒ်မသမား တွေကျတော့ အဲဒီအခွင့်အရေးတောင် မပေးဘူး။ ထောင်ကျပြီးတော့မှဘဲ အဲဒါတွေက လုပ်လို့ရတာနော်။ အဲဒီ ဟာတွေကတော့ ဥပဒေနဲ့ မညီဘူးပေါ့နော်။ ဒီလိုတောင်းခံခွင့် မရှိပါဘူးနော်။ ထောင်ကလည်း စစ်တပ်က အုပ်ချုပ်တာပဲလေ၊ စစ်တပ်အောက်မှာ ဘာမှပြန်ပြောခွင့်မရှိဘူး ဖြစ်နေတယ်ပေါ့နော်။ ဒီတော့ စည်းမဲ့ကမ်းမဲ့တွေ ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ကျိုက်မရောဗဟို အကျဉ်းထောင်မှာတော့ နိုင်ငံရေအကျဉ်းသား မိသားစုဝင်တွေက ပေးပို့လာတဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း အပြည့်အဝပေးခြင်းမရှိဘဲ ထောင်ဝန် ထမ်းတွေက လိုသလောက်ယူထားကာ ထောင်အတွင်းရှိ သက်သာဆိုင်တွေမှာ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အတွင်းအကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံနေရသလို လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ ရိုက်နှက်နှိပ်စက်ခံရတာတွေအပြင် ဆေးကုသခွင့် မရတာတွေကိုပါ အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်က ကျိုက်မရောဗဟို အကျဉ်းထောင်မှာတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀)ကျော်နဲ့ နိုင်ငံရေး အကျဉ်းသူ (၉၀)ကျော် ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သံလွင်တိုင်းမ်