ပင်လောင်း – မတ်(၁၃)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်ပြောင်းဒေသ နမ်းနိန်းကျေးရွာဘုန်းကြီး ကျောင်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့နေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိထားတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်) က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် မှုကြောင့် စစ်ရာဇဝတ်မှုမြောက်တဲ့ တွေ့ရှိချက်တွေကို ပအိုဝ်းပြည်သူတွေအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာမိသားစု အမှန်အတိုင်းသိဖို့ စုစည်းဖော်ပြထားတယ်လို့ ဆိုထားပါတယ်။
ပင်လောင်းမြို့နယ် ဆောင်ပြောင်းဒေသ နိမ်းနိန်းကျေးရွာအရှေ့ဘက် ဘုရားတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ မတ်လ(၁၁) ရက်နေ့ မနက်အစောပိုင်းမှာ နိမ်းနိန်းကျေးရွာထဲကို လက်နက်ကြီး၊ မီးကျည်တွေနဲ့ ပစ်ခဲ့ပြီး တခြား စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ရွာထဲဝင်ရောက်လာကာ သူတို့လာရာလမ်းတစ်လျှောက်မှာလည်း စက်သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လမ်းရှင်းခဲ့သလို လူနေအိမ်တွေကိုလည်း မီးကျည်တွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက ဘုန်းတော်ကြီးကျောင်းမြေအောက်တိုက်ခန်းမှာ ပုန်းအောင်းခိုလှုံနေကြတဲ့ နိမ်းနိန်းကျေးရွာ ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာ(၃) ပါးနဲ့ ရွာသူ ရွာသား (၁၈) ဦး စုစုပေါင်း (၂၁) ဦးကို ဘုန်းကြီးကျောင်းမြေအောက်တိုက်ခန်းကခေါ်ထုတ်ပြီး ဘုန်းကြီး ကျောင်းနံရံအရှေ့မှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ကြကာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို PNDF(KK) အပါအဝင် KNDF ပူးပေါင်းတပ်ဖွဲ့က သယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နမ်းနိန် ကျေးရွာဘုန်းကြီးကျောင်းနံရံအရှေ့မှာ စစ်ကောင်စီတပ်တွေ ကဘုန်းတော်ကြီးတွေအပါအဝင် အရပ်သား (၂၁) ကို ကြိုးတုတ်တန်းစီပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ စစ်ကောင်စီရဲ့ MA-5.56 ကျည်ဆံခွံ ကျည်ဘူးခွံတွေနဲ့ M79 ကျည်ဆံခွံတွေ လက်နက်ကြီး စ တွေ အပြင် ကာကွယ်ရေးပစ္စည်းစက်ရုံများတွင် ထုတ်လုပ်သည် ဆိုတဲ့ စာတန်းပါ စစ်ကောင်စီ (က.ပ.စ) ထုတ် ကျည်ဘူးခွံတွေ ဓာတ်ပုံမှတ်တမ်းတွေကို PNDF က သိမ်းဆည်းရမိထား တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျေးရွာထဲက လူနေအိမ်တွေကို လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပျက်စီးနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း PNDF(KK) က ထုတ်ပြန်ထားပါတယ်။
PNDF(KK) အနေနဲ့ စစ်ကောင်စီတပ်ရဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံရသူတွေနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNDF(KK)