ဒီးမော့ဆို၊ မတ်(၁၂)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း(၃)ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။
ဘော်လခဲအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ- ၄၂၉ နဲ့ တပ်မ-၇၇ တို့က ဘောလခဲဘက်ကနေ စစ်ကြောင်း (၂) ကြောင်း၊ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကျေးရွာတွေကို မတ် ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသွားရာ ဘော်လခဲမြို့နယ် မှာရှိတဲ့ ရွာကြီး (၃) ရွာက ဒေသခံစစ်ရှောင်ပြည်သူ ၅၀၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းထားတာ ဖြစ်ပါတယ်။
အရေးပေါ် ရွှေ့ပြောင်းထားရတဲ့ စစ်ရှောင်တွေထဲမှာ အရင်စစ်ရှောင်ဖူးတဲ့ ဒေသခံ ၂၀၀၀ ကျော် ပါဝင်ပြီး ကျန် ၃၀၀၀ ကျော်ကတော့ ပထမဦးဆုံးအကြိမ် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။
အရေးပေါ် ရွှေ့ပြောင်းရတဲ့ ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်း ရုတ်တရက်ဝင်ရောက်လာတာကြောင့် အခြေခံစားသောက်ကုန်တွေ သယ်ယူဖို့ အခက်အခဲရှိခဲ့တဲ့အတွက် စားနှပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကိုတင့်ဇော်ဟိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းမှာ တပ်အင်အား(၄၀၀) နီးပါးရှိပြီး တင့်ကားတွေပါ ယူဆောင်လာသလို စစ်ကြောင်းတလျှောက်မှာလည်း လေယာဉ်ဝဲတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၂ သိန်းကျော်ရှိပြီး အများစုဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖား ဆောင်၊ မယ်စဲ့၊ ဘောလခဲ၊ရှားတောနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေက ဖြစ်တယ်လို့ သိရပါ တယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ -Karenni Free Burma Ranger