ရန်ကုန်၊ မတ်(၁၂)
စစ်ကောင်စီလက်ထက်မှာ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေက အလုပ်သမားဆီကနေ လုပ်ခလစာ ခေါင်းပုံ ဖြတ်တာအပြင် အတင်းအဓမ္မအလုပ်ခိုင်းစေမှုတွေကို ဆက်တိုက်ကျူးလွန်လာတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေဟာ စစ်ကောင်စီလက်ထက် ဥပဒေအကာအကွယ်ပေးမှု နည်းပါးမှုကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို နေ့စဉ်အလုပ်ချိန် ၁၂ နာရီအထိ အလုပ်လုပ်ခိုင်းတာ၊ တနင်္ဂ နွေနေ့တွေမှာပါ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။
အတင်းအဓမ္မအလုပ်ခိုင်းစေခံရတဲ့ အလုပ်သမားတွေဟာ လုပ်ခလစာ အပြည့်အဝမရတာအပြင် အ ချိန်ပိုဆင်းရပေမယ့် အချိန်ပိုကြေးမရတာ၊ အဆိုးဆုံးကတော့ ဆေးကုသခွင့်နဲ့ မီးဖွားခွင့်လို အခွင့်အ ရေးတွေပါ ဆုံးရှုံးနေရပါတယ်။
လုပ်အားခခေါင်းပုံဖြတ်ခံနေရတဲ့ အလုပ်သမားတွေဟာ အခွင့်အရေးတောင်းဆိုပါကလည်း အလုပ် ရှင်တွေဘက်က အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်ပယ်တာတွေအထိ ရှိလာတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အိအိဖြူက ပြောပါတယ်။
“ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး အထည်စံချိန်ကို တစ်နေ့ကို မလုပ်နိုင်တဲ့ စံချိန်ကိုတောင်းတာ။ လူတစ်ယောက်က တစ်နာရီကို အထည်(၅၀)ပဲပြီးနိုင်တာကို (၆၅)ထည်တောင်းတာမျိုးပေါ့။ အဲဒီတော့အလုပ်သမားက အလုပ်ချိန် (၈)နာရီ အိုတီချိန် (၂)နာရီပေါင်းလိုက်ရင်(၁၀)နာရီမှာ အထည် (၆၅၀)ထွက်ရမယ်ပေါ့။ ၆၅၀ မပြည့်ခဲ့ဘူးဆိုရင် အထည်မပြည့်တဲ့အတွက် မင်းတို့တွေ အိုတီအလကားဆင်းပေးရမယ်။ မဆင်းနိုင်ရင် မနက်ဖြန်ဒီအလုပ်ကြွေးကို ဆပ်ဆိုတဲ့ပုံစံမျိုးနဲ့ အလုပ်သမားကို ဖိအားပေးခိုင်းလာတယ်။ လခစားတွေကို လုပ်ခလစာ ပြည့်ပြည့်ဝဝမပေးချင်လို့ အပြစ်အမျိုးမျိုးရှာပြီး အလုပ်ထုတ်တယ် ” လို့ဆိုပါတယ်။
အလုပ်သမားတွေအပေါ် လုပ်ခလစာ ခေါင်းပုံဖြတ်မှုတွေကို အလုပ်သမားတစ်ထောင်နဲ့အထက်ရှိတဲ့ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတွေက အများဆုံးကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အတင်းအဓမ္မအလုပ်ခိုင်းစေခံနေရတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်တွေခိုင်းစေတဲ့ အ လုပ်မပြီးတာ၊ အထည်အရေအတွက် မပြည့်ပါက ကိုယ်ထိလက်ရောက် ကျူးလွန်ခံနေရသလို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကိုပါ ကျုးလွန်ခံနေရတာပါ။
အခွင့်အရေးချိုးဖောက်ခံရနေတဲ့ အလုပ်သမားတွေဟာ ဥပဒေအကာအကွယ်ရဖို့ ဆန္ဒထုတ်ဖော်မယ် ဆိုရင်လည်း အလုပ်ရှင်တွေက စစ်တပ်နဲ့ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးကလည်း စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေဟာ ရှောင်တခွင်ခွင့်ပင် မရတော့တဲ့အထိ အဆိုးဝါးဆုံးဖိနှိပ်ခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အလုပ်သမားတွေရဲ့ အခွင့်အရေးကတော့ အရင်အာဏာမသိမ်းခင်နဲ့ လုံးဝမတူဘူး။ တော်တော်များများ လျော့ကျသွားတယ်။ တချို့စက်ရုံတွေဆိုရင် ရှောင်တခင်ခွင့်တောင် ယူလို့မရဘူး။ ရှောင်တခင် ခွင့် ယူလို့မရတော့ အလုပ်သမားတွေက ရှောင်တခင်ခွင့်ယူလို့ ရ၊မရသွားပြီး တိုင်တော့လည်း အခက် အခဲတွေက အများကြီး ရှိတယ်လေ။ အလုပ်သမားတွေရဲ့ အခွင့်အရေးကတော့တော်တော်ကို ဆိုးဆိုးရွားရွားနိမ့်ကျသွားတယ်ဗျာ။ ဒါပေမဲ့အလုပ်သမားတွေက စားဝတ်နေရေးအခက်အခဲကြောင့် အောင့်အည်းသည်းခံပြီးတော့ အလုပ်လုပ်နေရတဲ့ဘဝမျိုးကို ရောက်နေရတာပေါ့။ တချို့ဆို ရှောင်တ ခင်ခွင့်ယူကို မယူရဲတော့တာ။ တခြားဟာတော့ ပြောမနေပါနဲ့တော့” လို့ ပြောပါတယ်။
တဖက်မှာတော့ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို စစ်ကောင်စီထံ သွားရောက်တိုင်ကြားပေမယ့် ကူညီဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ဆိုကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ ဖြစ်သွားပြီး အဲဒီအထဲက အလုပ်သ မား ၃ သိန်းကျော်ဟာ အထည်ချုပ်အလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်လာနေချိန်မှာပဲ စစ်တပ်ကအာဏာ သိမ်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတည်ငြိမ်မှု မရှိတော့ဘဲ စီး ပွားရေးအဆင်မပြေမှုတွေ ပိုမိုဆိုးရွားလာကာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု မြင့်တက်လာနေတာဖြစ်တယ်လို့လည်း ရွှေ့ ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)ရဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးအထွေထွေ အကျပ်အတည်းတွေနဲ့အတူ လက် နက်ကိုင် ပဋိပက္ခတွေကြောင့် တစ်လလျှင် ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ IOM က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။