မော်လမြိုင်၊ မတ်(၁၂)
ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ စစ်ကောင်စီရဲ့ကြိုးပမ်းမှုကြောင့် မှောင်ခို ဈေးကွက် ကြီးထွားလာနိုင်ပြီး ကုန်ဈေးနှုန်းတွေလည်း ပိုမိုကြီးမြင့်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့နဲ့ အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားနိုင်ရေးအတွက် ပြည်ပကနေတင်သွင်းတဲ့ စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချမယ်လို့ ပြောဆိုလာတာပါ။
စက်သုံးဆီသုံးစွဲမှု လျှော့ချရာမှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုနဲ့ လုပ်ငန်းအတွက်သုံးမယ့် စက်သုံးဆီတွေကိုပါ စိစစ်သုံးစွဲသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ (၉)ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုလာတာ ဖြစ်ပါတယ်။
စက်သုံးဆီတွေကို လိုသလောက်တင်သွင်းလို့ မရသေးတဲ့အချိန်မှာ စက်သုံးဆီတင်သွင်းမှုတွေကို လျော့ချလိုက်ပါက မှောင်ခိုဈေးကွက် ပေါ်ပေါက်လာမှာဖြစ်သလို သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်းတွေပါ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။
“အခု လျော့ချတဲ့ပမာဏနဲ့ လောက်တယ်ဆိုရင်တော့ သိပ်ပြဿနာ မရှိဘူး။ မလောက်ဘူးဆိုရင်တော့ မှောင်ခို ဈေးကွက်ပေါ်လာမယ့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာရင်တော့ ကုန်ဈေး နှုန်းတွေ တအားတက်လာမှာပေါ့။ သယ်ယူပို့ဆောင်ရေးဆိုတာ လုပ်ငန်းမှမဟုတ်ဘူး၊ အိမ်ထောင်စုတွေရော၊ အစိုးရကဏ္ဍရော၊ ကဏ္ဍပေါင်းစုံက ဘယ်လိုမှရှောင်လွဲလို မရတဲ့ကိစ္စလေ။ သယ်ယူပို့ ဆောင်ရေးစရိတ် တက်လာလို့ရှိရင် ကျန်တဲ့စရိတ်တွေအကုန်လုံး ဈေးနှုန်းတွေအကုန်တက်လာမှာပေါ့။ ပုဂ္ဂလိကကဏ္ဍကတော့ ဈေးကွက်နဲ့ သူရဲ့အကျိုးအမြတ်ကိုပဲ ကြည့်မှာဘဲ။ စက်သုံးဆီသွင်းနေတယ်။ သွင်းပြီးတော့ သူတို့ကုန်ကျစရိတ် မြင့်တက်နေတဲ့အတွက် သူတို့ ဈေးပိုတင်ပြီးတော့ရောင်းမယ်၊ ဈေးတင်ရောင်းတဲ့ဟာကိုလည်း ဈေးကွက်ကဝယ်နေတယ်ဆိုလို့ ရှိရင် တော့ သူတို့က ဒီအတိုင်းဆက်လုပ်မှာဘဲ။ တကယ်လို့ ကုန်ကျစရိတ် မြင့်တာဟာ သူတို့ရဲ့ အကျိုးအမြတ်ကို မကာမိတော့ဘူးဆိုရင်တော့ သူတို့လုပ်ငန်းလျော့မှာပေါ့။ သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တာပေါ့နော်။ ဆိုတော့ ပုဂ္ဂလိကကဏ္ဍကိုတော့ သူတို့သွားပြီးထိန်းလို့တော့ မလွယ်ဘူး။ ဒီအစိုးရအနေနဲ့ ထိန်းညှိရင်တော့ မှောင်ခိုဈေးကွက်ကြီးဟာ အကြီးကြီးပေါ်လာမှာ။ တစ်လကို ဘယ်လောက်ပဲ သွင်းရမယ်တို့၊ နောက် စက်သုံးဆီဆိုင်တွေက သတ်မှတ်ချက်နဲ့ဘဲ ရောင်းရမယ်တို့၊ ဘာတို့ အဲဒီလိုမျိုး လုပ်လိုက်လို့ ရှိရင်တော့ မှားမှာပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ စက်သုံးဆီတင်သွင်းမှုတွေ လျော့ချဖို့ လုပ်ဆောင်တဲ့နေရာမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို သေချာလေ့လာသုံးသပ်နိုင်ခြင်းမရှိပါက ကုန်ဈေးနှုန်းကြီးမြင့်မှုတွေအပြင် နောက်ဆက်တွဲပြဿနာများစွာဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီက စက်သုံးဆီလျော့ချဖို့ ပြင်ဆင်နေပေမယ့် လက် ရှိအချိန်အထိ လိုသလောက်မှာယူတင်သွင်းလို့မရတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီနောက်ပိုင်းမှာဆီကို အော်ဒါတင်ရတဲ့ စနစ်ကတော့ အခုချိန်ထိဆက်ရှိနေတုန်းပဲ။ ဒီဟာကတော့ လွတ်လွတ် လပ်လပ် ဝယ်လို့တော့မရဘူး။ အကန့်အသတ် ဖြစ်နေတုန်းပဲ။ ဟိုကနေချလာသလောက်ပဲ ကိုယ်က ရနေ တော့ အဲဒီမှာ ကားစီစဉ်ရတာတို့၊ ဘာတို့ကတော့ တစ်ဆင့်ပိုသွားတာပေါ့လေ။ တစ် ခါတလေကျရင် ကိုယ်က ကားတစ်စီးစာမပြည့်ရင် ဒီတိုင်းလာလို့ရှိရင် ကားခကတက်သွားပြန်ရော။ မကိုက်ရင် ကိုယ်ကတခြားသော ဆီ ဆိုင်တွေနဲ့ ညှိ၊ ညှိပြီးတော့မှ ပေါင်းပြီးတော့တင်ရင်တင်၊ မတင်ရင်တော့ အဲဒီဟာက အဆင်မပြေဘူး။ နောက် သူများကို ပြန်ပေးရတာပေါ့။ ပြန်အပ်ရတာပေါ့။ အရင်တုန်းက ပုံစံမျိုးတော့ မရဘူးပေါ့လေ။ ဒါပေမယ့် အဲဒီလိုမျိုး ကသိကအောက်တွေ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်ပကနေ စက်သုံးဆီ တင်သွင်းမှုတွေကို လျော့ချဖို့လုပ်ဆောင်တာဟာ စစ်ကောင်စီ လက်ထဲမှာ နိုင်ငံခြားငွေလက်ကျန် သိသိသာသာ လျော့ကျလာတဲ့အတွက် ဖြစ်နိုင်သလို သူတို့ လုပ် ဆောင်နေတဲ့ ပို့ကုန်ရငွေရဲ့ (၆၅) ရာခိုင်နှုန်း လဲလှယ်ခိုင်းမှုမှာလည်း နိုင်ငံခြားငွေနည်းပါးနေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေတာပါ။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည် ဈေးနှုန်းကြီးမြင့်မှု သက်သာစေဖို့အတွက်ဆိုပြီး နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာ သန်း (၂၀၀)ကျော် ထောက်ပံ့ပေးမယ်လို့ ထုတ်ပြန်ပေးခဲ့ပေမယ့် စက်သုံးဆီဈေးနှုန်း သိသိသာသာကျဆင်းခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ဓာတ်ဆီ တစ်လီတာကို ကျပ်(၆၀၀) ဝန်းကျင်သာရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း (၄)ဆကျော် မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေတာပါ။
သတင်း-သံလွင်တိုင်းမ်