ရန်ကုန်၊ မတ် (၁၀)

မြန်မာနိုင်ငံအတွင်းထွက်ရှိနေတဲ့ ဆန်စပါးတွေကို စိုက်ပျိုးထုတ်လုပ်မှုအပါအဝင် တင်ပို့ရောင်းချရာမှာ ဥပဒေနဲ့ အညီ ကြီးကြပ်နိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီက ဆန်စပါးဥပဒေရေးဆွဲပြဌာန်းဖို့ ကြိုး ပမ်းလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဆန်စပါးဥပဒေပြဌာန်းထားဖို့အတွက် ဥပဒေမူကြမ်းကို ရန်ကုန်နဲ့ပုသိမ်မြို့နယ်တို့မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ထားသလို နေပြည်တော်၊ မန္တလေးအပါအဝင် စပါးအဓိကစိုက်ပျိုးရာဒေသတွေမှာလည်း မတ်လကနေ ဧပြီလဆန်းအထိ ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။

စစ်ကောင်စီကတော့ ဆန်စပါးဥပဒေရေးဆွဲရတာဟာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့၊ ပြည်တွင်းဆန်စပါးဖူလုံဖို့နဲ့ ပြည်ပကို ဆန်စပါးတင်ပို့ရာမှာ စနစ်တကျတင်ပို့နိုင်ဖို့ ဥပဒေနဲ့အညီ ကြီးကြပ်ဆောင် ရွက်နိုင်အောင် လုပ်ဆောင်ရတာလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဆန်စပါးဥပဒေမူကြမ်းဟာ ဈေးကွက်ကိုထိန်းချုပ်မယ့် အခြေအနေမှာရှိနေတာကြောင့် တောင်သူတွေအနေနဲ့ ဆိုရှယ်လစ်ခေတ်ပုံစံမျိုး ပြန်လည်ရောက်ရှိသွားနိုင်သလို မှောင်ခိုဈေးကွက် ပေါ်ပေါက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်တာပါ။

“လယ်သမားကို ချုပ်ကိုင်ဖို့ ကြိုးစားလာတယ်ဆိုရင်ကတော့ ဆိုရှယ်လစ်ခေတ်ပုံစံမျိုး ပြန်ရောက်သွားမှာဘဲ။ တကယ်စပါးစိုက်ပြီးတော့ ထမင်းဝဝမစားရတဲ့ အခြေအနေမျိုး ပြန်ရောက်သွားမှာဘဲ။ အမှန်တော့ ကိုယ်တွေက ဈေးကွက်စီးပွားရေးစနစ် လုပ်နေတာပဲ။ ဈေးကွက်ကိုပဲ လုပ်နေရမှာ။ ထိန်းညှိမယ်ဆိုလို့ရှိရင်လည်း ဈေးကွက် နည်းလမ်းနဲ့ပဲ ထိန်းရမှာ။ ဥပမာ ဈေးကွက်ထဲမှာ ရောင်းလိုအားတွေတအားများလို့ ဈေးကျသွားမယ်၊ ထိခိုက် နိုင်မယ်ထင်လို့ရှိရင် ကိုယ်ကဆင်းပြီးတော့ဝယ်ပေး။ ဈေးနှုန်းကို သွားသတ်မှတ်လို့ရှိရင် အဲဒါဈေးကွက်ကို သတ်တဲ့သဘောပဲ။ အလားတူ ဈေးတအားမြင့်နေလို့ ဟာမရဘူး၊ ဒီဈေး၊ ဒီဈေးနဲ့ပဲ ရောင်းပေးရမယ်ဆိုရင် မှောင်ခိုဈေးကွက်ကြီး ပေါ်လာမှာ။ ဆိုတော့ အဲဒီလို ထိန်ချုပ်ရင်တော့ Negative effect တွေ အများကြီး ရောက်လာမှာပေါ့။ ဥပဒေကိုတော့ သေချာပြန်ပြီးတော့ လေ့လာရမှာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဥပဒေဟာ ဈေးကွက်စီးပွားရေးစနစ်ကို အားပေးဖို့နဲ့ တောင်သူတွေအကျိုးရှိစေဖို့ လိုအပ်ပြီး ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားအတွက်လောက်သာ ရေးဆွဲထားပါက တောင်သူတွေ ထိခိုက်လာနိုင်တယ်လို့ သူကဆိုပါတယ်။

ဆန်းစပါးဥပဒေမူကြမ်းကိုတော့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရေးဆွဲထားတာ ဖြစ်ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းကာ ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေတာပါ။

စစ်ကောင်စီရဲ့ ဆန်စပါးဥပဒေမူကြမ်းမှာတော့ အခန်း ၁၀ ခန်း၊ ပုဒ်မ ၅၁ ခု ပါဝင်ပြီး ပြည်ပဆန်တင်ပို့မှုအ ပါအဝင် ဆန်စက်တွေမှာလည်း အခွန်ကောက်ခံဖို့နဲ့ ဆန်သိုလှောင်မယ့် အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်း ထားပါတယ်။

ဆန်စက်လုပ်ငန်းရှင်တစ်ဦးကတော့ ဆန်စပါးဈေးကွက်ကို စစ်ကောင်စီဘက်က ဥပဒေပြဌာန်ပြီး ထိန်းချုပ်လာပါက ဆန်လုပ်ငန်းတချို့ ရပ်နားလာနိုင်သလို တောင်သူတွေလည်း လုပ်ငန်းတွေလျော့ချလာနိုင်တယ်လို့ ပြော ပါတယ်။

“သူတို့ ထိန်းချုပ်လိုက်ဆိုရင် လယ်သမားကတော့ ဘယ်လိုလုပ်မလဲ။ ဝဲဈေးများရင်တော့ လျော့လုပ်ကြမယ်၊ ဒီလိုမျိုး ဖြစ်မှာပေါ့။ မကိုက်တော့ လူတွေတော့ သိပ်မလုပ်ချင်ဘူး။ ဝမ်းစာလောက်ပဲ လုပ်လိုက်ကြတယ်။ ဝဲမ ထည့်နိုင်ရင်မထည့်တော့ ပြီးခဲ့တဲ့နှစ်တွေ အဲဒီလိုမျိုး ဖြစ်ခဲ့တယ်ပေါ့။ ဘယ်လိုလုပ်ရမလဲ။ အထွက်နည်းလာ တာပေါ့။ ဆန်ဈေးတော့မြင့်ဖို့ များမှာပေါ့ အထွက်နည်းရင်။ ဈေးကတော့ လျော့နေကျနေတယ် ဆိုတော့လည်း ရောင်းလည်းမနိုင်ဘူးဖြစ်နေတယ်။ မသွင်းဘူးပေါ့နော်၊ သွင်းလို့မကိုက်ဘူး။ နောက်ပြန်ဝယ်ရတာလည်း ခက် နေတယ်။ အဲဒီလိုမျိုး လုပ်ဆိုရင်တော့လည်း ဘယ်လိုလုပ်ရမလဲ။ မလုပ်လို့လည်းမရဆိုတော့ ကိုယ်ရှုံး၊ ရှုံးရင် တော့လည်း မကြိတ်နဲ့ပေါ့လေ” လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဆန်စပါးဥပဒေပြဌာန်းဖို့ ပြင်ဆင်တာထက် လက်ရှိဖြစ်ပေါ်နေတဲ့ သွင်းအားစု ဈေးနှုန်းကြီးမြင့်တာ၊ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်တာ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်တာတွေအပြင် မလို လားအပ်တဲ့ ကန့်သတ်ချက်တွေကို အရင်ဆုံးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ဆန်လုပ် ငန်းရှင်တွေက ဆိုကြပါတယ်။

ဆန်စပါး ဥပဒေမူကြမ်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ဆန်စပါးညီလာခံမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်(၄၄)ချက်ထဲက တစ်ချက်အပါအဝင် ဖြစ်တာကြောင့် ဥပဒေရေးဆွဲပြဌာန်းရ တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီဟာ ဆန်စပါးတွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ဆိုပြီး ဆန်စပါးဥပဒေပြဌာန်းနိုင်ဖို့ လုပ်ဆောင်နေပေမယ့် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကိုတော့ ပြီးခဲ့တဲ့ မတ်လ (၁)ရက်နေ့က စတင်ကာ ပို့ကုန် ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထားအတိုင်း မြန်မာ ကျပ်ငွေနဲ့ လဲလှယ်နေရတာကြောင့် လုပ်ငန်းရှင်တွေ အခက်ကြုံနေရသလို ဆန်ဈေးနှုန်းကလည်း ထင်သ လောက် ကျဆင်းလာခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.