ဘီးလင်း၊ မတ်(၁၀)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ကတိုးဆိပ်ကျေးရွာ၊ ဘုရားငုတ်တိုဘုန်း ကြီးကျောင်းအနောက်ရှိ ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရတာကြောင့် မီးလောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီဓါတ်ငွေ့ပိုက်လိုင်းဟာ မတ် ၉ ရက်နေ့ မနက် ၃ နာရီလောက်မှာ မိုင်းထောင်ဖောက်ခွဲခံလိုက်ရတဲ့အတွက် ဓါတ်ငွေ့ပိုက်လိုင်း ၃ ပေကျော် ပြတ်တောက်သွားခဲ့တာပါ။
ဓါတ်ငွေ့ပိုက်လိုင်း မိုင်းထောင်ဖောက်ခွဲခံရပြီး မီးအဆက်မပြတ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ မနက် ၈ နာရီ လောက်မှာ မီးငြိမ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုင်းထောင်ဖောက်ခွဲခံရတဲ့ ဓါတ်ငွေ့ပိုက်လိုင်းကို မတ်(၉)ရက်နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ဓါတ် ငွေ့ပိုက်လိုင်း တာဝန်ရှိသူတွေ လာရောက်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီဓါတ်ငွေ့ပိုက်လိုင်းဟာ ရန်ကုန်ကနေတဆင့် ထိုင်းနိုင်ငံကို ရောင်းချထားတဲ့ ဓါတ်ငွေ့လိုင်းဖြစ်တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီကတော့ ဖောက်ခွဲခံရလိုက်ရတဲ့ ဓါတ်ငွေ့ပိုက်လိုင်းဟာ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန် ဓါတ်ငွေ့ပိုက်လိုင်းဖြစ်ကြောင်းနဲ့ အဲဒီဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်မှ ဓါတ် အားစနစ်အတွင်းသို့ ဓါတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၅၅ မဂ္ဂါဝပ် နီးပါး လျော့နည်းခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ဒါပေမယ့် တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်တဲ့အတွက် လျော့နည်းသွားတဲ့ လျှပ်စစ်ဓါတ်အားတွေကို ရေအား လျှပ်စစ်ဓါတ်အားပေးစက်တွေကနေ တိုးမြှင့်ထုတ်လုပ်ပေးသွားမယ်လို့ စစ်ကောင်စီ ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေးရှင်း