နေပြည်တော် ၊ မတ် (၉)
NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ အခုလအတွင်း စစ်ကောင်စီ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အလွတ်သဘောဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ၇ ဖွဲ့ဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ကို ၃ ကြိမ်တက်ရောက်ဆွေးနွေးထားပြီး အခုအခါမှာတော့ အလွတ်သဘော တွေ့ဆုံခွင့်ရဖို့ ထပ်မံကြိုးပမ်းလာတာပါ။
စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တွေ့ဆုံခွင့်ရဖို့အတွက်လည်း အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားတာပါ။
အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ ထိပ်သီးခေါင်းဆောင်တွေရဲ့ တရားဝင် ဆွေးနွေး မှုတွေ လုပ်ဆောင်နိုင်အောင် နှစ်ဖက်စလုံးပိုင်ဆိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ ညှိနှိုင်းရေးအဖွဲ့ကနေ အလွတ်သဘော ကြိုတင်ညှိနှိုင်းတာတွေ လုပ်ဆောင်တာလို့ ဆိုပါတယ်။
အပစ်ရပ် ၇ ဖွဲ့ အနေနဲ့ မတ်လအတွင်း အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်မှန်းထားပြီး ဆွေးနွေးပွဲဖြစ်ရေး၊ မဖြစ်ရေးဟာ နှစ်ဖက်စလုံးရဲ့ လိုက်ပါဆောင်ရွက်မှုအပေါ် မူတည်တယ်လို့ ဗိုလ်မှူးကြီး စောကျော် ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နှစ်ဘက်စလုံးက အဆင်သင့်ဖြစ်တဲ့အချိန်၊ နှစ်ဘက်စလုံးက အဆင်ပြေတဲ့အချိန်၊ နှစ်ဘက်စလုံးက ညင်ညင် သာသာနဲ့ လိုက်ပါဆောင်ရွက်မှုဖြစ်နေတဲ့ အခင်းအကျင်းပေါ်မှာ မူတည်တဲ့အတွက်ကြောင့် မတ်လအတွင်း ဖြစ် နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာကတော့ ကျွန်တော်တို့နှစ်ဖက်စလုံးရဲ့ တွေ့ဆုံညှိနှိုင်းမှုအပေါ်မှာပဲ မူတည် လိမ့်မယ်ခင်ဗျာ။ ကျွန်တော်တို့ကတော့ မျှော်မှန်းချက်တစ်ခုတော့ Target (ပစ်မှတ်) တစ်ခုတော့ ထားတာပေါ့။ ဖြစ်နိုင်အောင် နှစ်ဘက်စလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြတာပေါ့”လို့ သူက ဆိုပါတယ်။
အလွတ်သဘောညှိနှိုင်းမှုတွေဖြစ်ဖို့ စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့တို့အကြား ခင်မင်ရင်းနှီးမှုအရ နှစ်ဘက်စလုံး ကနေ စတင်ကမ်းလှမ်း ကြိုးပမ်းမှုတွေရှိပေမယ့် အကြောင်းပြန်တယ်ဆိုတဲ့အဆင့်ထိတော့ မရှိသေးဘူးလို့ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ အပစ်ရပ် ၇ ဖွဲ့က ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည် ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်ဘက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေရရှိနိုင်ရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ဖို့ စစ်ကောင်စီကို ကမ်းလှမ်းခဲ့ပါသေးတယ်။
ကမ်းလှမ်းစာအပေါ် အပြန်အလှန်အသိအမှတ်ပြုမှုတွေရှိပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စစ် ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်က အလွတ်သဘောတွေ့ဆုံဖို့ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အပစ်ရပ် EAOs ၇ ဖွဲ့ထဲမှာ မွန်ပြည်သစ် ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOI (ပုံဟောင်းဖြစ်ပါသည်)