မြိုင် – မတ်(၉)

မကွေးတိုင်း၊ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က MI-35 Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်-ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ မတ်လ(၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်က Well-2 ရေနံမြေနားမှာရှိတဲ့ ထန်းပေါက် ကုန်းရွာကို စစ်ကောင်စီက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသံတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ အကုန်လုံးထွက်ပြေးနေရတယ်။ အရင်နေ့တွေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်တာ သူတို့ဘက်က သုံးယောက်သေတယ်။ အဲဒါကို ဒီနေ့ကျတော့ လေယာဉ်နဲ့ လာပစ်တာအတွဲလိုက်လည်းလက်နက်ကြီးတွေနဲ့ပစ်နေတယ်။” လို့ မြိုင်- ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လကျ်ာကပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်ဆီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘဲ ဒေသခံတွေနေရပ်မပြန်နိုင်သေးဘူးလို့ ဗိုလ်လက်ျာက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ထန်းပေါက်ကုန်း တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက မြိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၄) ကြိမ်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့ကလည်း ဖလံကိုင်းကျေးရွာက ရေစည်လှည်းတွေ အနိုင်ကျင့်ယူ ဆောင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က Drop Bomb နဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဦး ဒဏ်ရာ ပြင်းထန်ပြီး တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ အတွက် အသက်(၄၂) နှစ်အရွယ်ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွား တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာနာမှာရှိတဲ့ ဖလံကိုင်းရွာမှာ အထိုင်ချနေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.