တိုကျို၊ မတ်(၁၀)

ဂျပန်နိုင်ငံမှာ “ဆူရှီအကြမ်းဖက်မှု” ပြုလုပ်တယ်လို့ နာမည်တပ်ထားတဲ့ အမှုနဲ့ပတ်သက်ပြီး လူ(၃)ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဆူရှီဆိုင်တစ်ဆိုင်မှာ ဆူရှီစားသုံးပုံကို နောက်ပြောင်ကျီစယ်ပြီး သန့်ရှင်းမှုမရှိတဲ့လုပ်ရပ်တွေပါဝင်တဲ့ နောက် ပြောင်မှုတွေကိုရိုက်ကူးထားတဲ့ ဗီဒီယိုအတိုကြောင့် အွန်လိုင်းပေါ်က လူတွေကိုဒေါသူပုန်ထစေခဲ့တာပါ။

အဲဒီ ဗီဒီယိုပျံ့နှံ့သွားပြီးနောက် ဝယ်ယူသူတွေရဲ့ မကျေနပ်ချက်တွေများစွာဖြစ်ပေါ်ခဲ့ရပြီး ကူရာဆူရှီစား သောက်ဆိုင်ရဲ့ စီးပွားရေးကိုနှောင့်ယှက်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ စွဲချက်နဲ့ရဲတွေက ဖမ်းဆီးလိုက်တာဖြစ် ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ နောက်ပြောင်တဲ့ အဖွဲ့ဝင်တစ်ဦးဟာ ပန်းကန်တစ်ခုမှ ဆူရှီတစ်ပိုင်းကိုလှမ်းယူပြီး တစ်ခုလုံးကို ပါးစပ်ထဲသို့အတင်းထိုးထည့်ပါတယ်။ အဲဒီနောက်မှာ အများအသုံးပြုဖို့ထားရှိတဲ့ ပုလင်းထဲက ပဲငံပြာရည်ကို မော့သောက်ပြတဲ့ လှုပ်ရှားမှုတွေပါဝင်ပါတယ်။
သူနဲ့အတူ အလားတူလုပ်ရပ်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေဟာ  ရက်သတ္တပတ်အတွင်းမှာဘဲ တွစ်တာနဲ့ တစ်တော့အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းအမျိုးမျိုးမှာ ပျံ့နှံ့သွားခဲ့တာပါ။

အခြားမနှစ်မြို့စရာ နောက်ပြောင်မှုတွေအနေနဲ့ တံတွေးစွတ်ထားတဲ့ လက်ချောင်းတွေနဲ့ ဆူရှီတွေကို ယူသုတ် ပီး ပန်းကန်ပေါ်ပြန်တင်တာ၊ စင်ပေါ်ပြန်မတင်မီ လက်ဖက်ရည်ခွက်နှုတ်ခမ်းကို စုပ်လိုက်တာမျိုးတွေ အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပြောင်မှုလုပ်ရပ်ကြောင့် အလယ်ပိုင်းအိုင်ချီဒေသမှ လူ (၃) ဦးကို ဖမ်းဆီးထားကြောင်း မတ် ၉ ရက်နေ့မှာ ဒေသခံရဲတွေက အေအက်ဖ်ပီသို့ ပြောခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ယိုဂါ ရိုရှီနို နဲ့ အမည်မဖော်လိုသူ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ကို ဗုဒ္ဓဟူးနေ့ မှာဖမ်းဆီးခဲ့ပြီး သူတို့ထဲမှ တတိယအဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ပြီးခဲ့တဲ့လက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့  ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

သန့်ရှင်းမှု အဆင့်အတန်း မြင့်မားတဲ့နိုင်ငံအဖြစ် လူသိများတဲ့ ဂျပန်နိုင်ငံတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတဲ့ ၎င်းရာဇဝတ်မှုဟာ ပထမဆုံး ဖမ်းဆီးမှုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုနောက်ပြောင်မှုလုပ်ရပ်ကြောင့် ကူရာဆူရှီဆိုင်ရှိ ဝန်ထမ်းတွေဟာ အရေးပေါ်သန့်ရှင်းရေးတွေပြုလုပ်ခဲ့ရပြီး ပုံမှန်လုပ်ငန်းလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စွဲချက်မတင်ရသေးပေမယ့်လည်း စီးပွားရေးလုပ်ငန်းကို အတင်းအကျပ် ဖျက်လိုဖျက်ဆီး လုပ်ခြင်းဟာ ဂျပန်ဥပဒေအရ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ခံရနိုင်ပြီး ထောင်ဒဏ်သုံးနှစ်ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၅၀၀ နီးပါးရှိတဲ့ အဲဒီဆူရှီလုပ်ငန်းကို လုပ်ကိုင်တဲ့ ကုမ္ပဏီကတော့ ဖမ်းဆီးမှုကို ထောက်ခံကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဖောက်သည်တွေနဲ့ ယုံကြည်မှုအပေါ်အခြေခံတဲ့ ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်စနစ်ကို ထိခိုက်စေတဲ့ ဒီလိုနောက်ပြောင်မှုတွေဟာ ရာဇဝတ်မှုဖြစ်ပြီး နောက်နောင်မှာ အတုခိုးတဲ့ လုပ်ရပ်တွေဖြစ်လာနိုင်ကြောင်း၊  ပြစ်ဒဏ်ကျခံရမှုဟာ လူ့အဖွဲ့အစည်းအတွင်း အသိပညာပျံ့နှံ့လိမ့်မယ်လို့ ကျွန်တော် တို့စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါတယ်” လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအဖြစ်တွေ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့် သက်ရောက်မှုရှိတဲ့ အခြားကွင်းဆက်တစ်ခုအနေနဲ့  ဆိုင်တစ် ဆိုင်ရှိ ပဲငံပြာရည်ပုလင်းထိပ်ကို ဆယ်ကျော်သက်တစ်ဦးက လျှာနဲ့လျက်နေတဲ့ ဗီဒီယိုတစ်ခုပျံ့နှံ့ ပြီးတဲ့နောက် အဲဒီတံဆိပ်ရဲ့ စတော့ရှယ်ယာတွေ ပြီးခဲ့တဲ့လက ကျဆင်းသွားခဲ့ဖူးတာပါ။

“ဒါက စက်ဆုပ်ရွံရှာဖွယ်ပါပဲ၊ ကျွန်တော်တို့ ဆူရှီဆိုင်တွေကို မသွားနိုင်တော့ဘူး” လို့ အဲဒီအချိန်က ဂျပန်တွစ် တာ အသုံးပြုသူတစ်ဦးက တုံ့ပြန်ရေးသားခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.