ရေး၊ မတ်(၈)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ မတ် ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
ပိတ်ဆို့စစ်ဆေးမှုတွေ တင်းကျပ်ထားတဲ့ စစ်ကောင်စီ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့ တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ဒရုန်းနဲ့လာရောက် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ ပေါက်ကွဲအသံအကျယ်ကြီး ကြားရပြီးနောက် ပစ်ခတ်တာတွေရှိခဲ့ကြောင်းနဲ့ လူနာတင်ယာဉ်တချို့ကလည်း တံတားကြီးဘက်ကို မောင်းနှင်းသွားတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ ရေးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သူရဲ့လူမှုကွန်ယက်ဖေ့ဘုတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။
ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ရေးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီးလူး တပ်ဖွဲ့ဝင်များ