မော်လမြိုင်၊ မတ်(၂)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ညပိုင်းအချိန်တွေမှာ မတရားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်မြို့မှာ ညမထွက်ရအမိန့်ကို ည(၁၂)နာရီကနေ မနက် (၄)နာရီအထိ သတ်မှတ်ထားပေမယ့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ည(၁၁)နာရီ ဝန်းကျင်မှ စတင်ပြီး လမ်းမပေါ်နဲ့ မိမိတို့ နေအိမ်အနီးပတ်ဝန်းကျင်အပြင်မှာ ရှိနေတဲ့ လူငယ်တွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက စခန်းသို့ ခေါ်ဆောင်သွားပြီနောက် မနက်ပိုင်းမှာ မိသားစုဝင်တွေကို လာရွေးခိုင်းနေသလို လူတစ်ဦးလျှင် ကျပ်(၁)သိန်းကနေ ကျပ် (၂)သိန်းဝန်းကျင်ထိ တောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးလိုက်တဲ့ လူငယ်တွေကို ငွေကြေးပေးဆောင်ရကြောင်း သတင်းပေါက်ကြားရင် ပြန်လည်ဖမ်းဆီးခံရပါက အကြမ်းဖက်ဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံပြီး ခံဝန်ထိုးခိုင်းကာ ပြန်လည် လွှတ်ပေးတာတွေ ရှိပေမယ့် ငွေကြေးမပေးနိုင်တဲ့ လူငယ်တချို့ကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟ လုံခြုံရေးအကြောင်းပြချက်နဲ့ ညပိုင်းအချိန်တွေ ကင်းလှည့်စဉ် တစ်ရက်လျှင် လူငယ် ၅ ဦးကနေ ၁၀ ဦးအထိ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ပေါ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက နေ့စဉ်လှည့်ကင်း ပတ်ကင်းတွေနဲ့ ကင်းလှည့်တာတွေ ရှိနေသလို လုံခြုံရေးအရ အဓိကကျတဲ့ နေရာတွေမှာလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ရှိနေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီးခံရသူ ၂၀၀၀၀ နီးပါးအထိ ရှိလာတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.