ဥပဒေပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီလက်ထက်မှာ ရန်ကုန်မြို့ကြီးအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေ့ခင်းကြောင်တောင် နေအိမ်နဲ့ဆိုင် ခန်းတွေ ဖောက်ထွင်းခံရတာ၊ ဘဏ်ဓါးပြတိုက်ခံရတာ၊ လမ်းမပေါ်သွားလာသူတွေလည်း ပစ္စည်း လု၊ သတ်ဖြတ်ခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့အထိ တရားဥပဒေ စိုးမိုးရေးဆုံးရှုံးလာသလို ပြည်သူ့ဘဝ မလုံခြုံပြဿနာကလည်း တဆထက်၊တစ်ဆ ကြီးထွားလာပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်ထက်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေ၊ တရားစီရင်ရေး မဏ္ဍိုင်အပေါ် ဘယ်လို ဖိအားပေးမှုတွေ ရှိ နေလဲ၊ စစ်ကောင်စီလက်ထက် တရားဥပဒေ စိုးမိုးရေးလုံးဝဆိတ်သုဉ်း ပျောက်သွားပြီးလား၊ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

အဓိကက တရားဥပဒေစိုးမိုးမှုဆိုတာက နိုင်ငံတွင်းမှာ ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေကို၊ တည်ဆဲဥပဒေ တွေ အားလုံးက သူ့ဥပဒေအတိုင်း အာနိသင်သက်ရောက်တာကို တရားဥပဒေစိုးမိုးတယ်လို့ ခေါ်တာ။ တရား ဥပဒေစိုးမိုးခြင်း၊ မစိုးမိုးခြင်းကို တိုင်းတာတဲ့အခါကျတော့ နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုရှိသလား၊ နံပတ်၂က တော့ နိုင်ငံသားတစ်ဦးချင်းစီက သူတို့ရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ လုံခြုံမှု ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ရသလဲပေါ့။ ဒီနှစ်ချက်နဲ့တိုင်းတာတယ်။ နိုင်ငံကတည်ငြိမ်အေးချမ်းမှုမရှိဘူး။ ရာဇဝတ်မှုတွေ ထူပြောနေမယ်။ နောက်တစ်ခါ နိုင်ငံသားတစ်ဉီးချင်းစီကလည်း ပုဂ္ဂကလွတ်လတ်မှုတွေ မရဘူး။ ပုဂ္ဂလိကလုံခြုံမှုတွေကို အာမ ခံချက် မပေးနိုင်ဘူး။

အရာရာကို ကြောက်ရွံထိတ်လန့်နေရတဲ့အနေအထားမျိုး တရားဥပဒေစိုးမိုးမှု မရှိဘူး။ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတယ်လို့ပြောနိုင်တာပေါ့နော်။ တရားစီရင်ရေးမဏ္ဍိုင်အပေါ် ဘယ်လို ဖိအားပေးမှုတွေ ရှိနေ လဲ၊ ပြီးတော့ အယူခံပိုင်ခွင့်မရှိတဲ့ တရားစီရင်ရေးအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

တရားစီရင်မှုနဲ့ပတ်သက်တာ၊ တရားရုံးလုပ်ငန်းတွေက ပုံမှန်ပါပဲ ဒါမှ ဘာမှသိပ်မပြောင်းလဲဘူး။ သို့ပေမယ့် အဓိကထူးခြားပြီးတော့ ပြောင်းလဲမှုက ဘာရှိလဲဆိုတော့ ဒီတရားစီရင်ရေးမှာ အသက်ဝိညာဉ်ဖြစ်တာက လွတ် လပ်စွာစီရင်ပိုင်ခွင့်ပေါ့။ ဒီတရားသူကြီးတစ်ဦးက ဥပမာအားဖြင့် ဆိုကြပါစို့ အသစ်ခန့်ထားလိုက်တဲ့ ဒုတိယမြို့ နယ်တရားသူကြီးပဲဖြစ်ဖြစ်၊ သူ့စီရင်ပိုင်ခွင့်အာဏာပေးထားတဲ့ သူစီရင်ပိုင်ခွင့်ရှိတဲ့ အမှုတွေမှာ သူကိုင်တွယ်တဲ့ အမှုကို သူ့ရုံးရှေ့မှာသူစစ်ဆေးလို့ ပေါ်ပေါက်တဲ့အတိုင်း ဆင်ခြင်တုံတရားနဲ့ ဥပဒေနဲ့ ချိန်ညှိပြီးတော့ သူဆုံး ဖြတ်ပိုင်ခွင့်ရှိရမယ်။ သူကဒါသည် အပြစ်မရှိဘူး။ လွှတ်မယ်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ချက်အရလွှတ်ရမယ်။ အပြစ်ရှိ တယ်ဟေ့ဆိုလည်း အပြစ်ရဲ့ပမာဏပေါ်မှာ မူတည်ပြီးတော့ သင့်လျော်တဲ့ပြစ်ဒဏ်ကိုချမှတ်ပိုင်ခွင့် ရှိရမယ်။

သူ့ထဲက တွဲဖက်မြို့နယ်တရားသူကြီးတို့၊ မြို့နယ်တရားသူကြီးတိုကနေ လွှမ်းမိုးပြီးတော့ဒါကို ဒီလိုဆုံးဖြတ် လိုက်၊ ဒါကိုဒီလိုလုပ်လိုက် သို့တည်းမဟုတ် တွဲဖက်တရားသူကြီးတွေ မြို့နယ်တရားသူကြီးတွေကို သွားပြီး တင်ပြပြီးမှဆုံးဖြတ်တာမျိုးဆို ဒါတရားစီရင်ရေးက လွတ်လတ်တာ မရှိဘူးလို့ ပြောလို့ရတာပေါ့နော်။

အခုဒီမှာကျတော့ ဘာဖြစ်နေလဲဆိုရင် သာမာန်အမှုတွေမှာ ပြသာနာမရှိဘူး။ နိုင်ငံရေးနဲ့နွယ်တဲ့အမှုတွေ ရာဇ သတ်ကြီးပုဒ်မ(၅၀၅)ကလိုဟာမျိုးတွေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဆွဲထားတဲ့အမှုတွေ၊ လက် နက်မှုတွေ မတရားအသင်းနဲ့စွဲထားတာတွေ ဒီအမှုမျိုးတွေဆိုရင် တရားရုံးတွေမှာ အပြစ်မရှိဘူးလို့ ဘယ်လိုပဲ ပေါ်ပေါက်နေပါစေ။

အဲဒါကိုလွှတ်ရဲတဲ့ သတ္တိ၊ လွှတ်ရဲတဲ့ ဆုံးဖြတ်ခွင့်မရဘူး။ အဓိက ပျောက်ဆုံးနေတာ အဲဒါပဲ။ တရားရုံးတစ်ရုံးရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ လွတ်လပ်စွာ တရားစီရင်ခွင့် အခွင့်အရေးပျောက်ဆုံးနေတဲ့အတွက် Process တွေက ဘယ်လောက်ကြီးပဲ ပြည့်စုံနေပါစေ။ အသက်ဝိညာဉ်ဖြစ်တဲ့ လွတ်လပ်စွာ တရားစီရင်ခွင့်မရှိခြင်းသည် အင်မ တန်ကို တရားစီရင်ရေးမှာ နစ်နာဆုံးရှုံးတယ်လို့ ပြောလို့ရတယ်။

-စစ်ကောင်စီလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့ကလည်း ပြည်သူတွေ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားရင် အမှုမဖွင့်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဥပဒေရှုထောင့်က ဘယ်လို မြင်ပါသလဲ။

နှစ်ပိုင်းရှိတယ်ဗျ။ တစ်ပိုင်းကျတော့ ဥပဒေပြဌာန်းချက်အပိုင်းပေါ့။ ဥပဒေပြဌာန်းချက်အပိုင်းက ရဲလက်စွဲဥပဒေ ပေါ့။ ရဲလက်စွဲအပိုင်း(၁၄၁၄)မှာ အတိအလင်းပြဌာန်းထားတာ ရှိတယ်။ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ သ တင်းပေးတိုင်တန်းတယ်လို့ဆိုရင် လူကိုယ်တိုင်မလာနိုင်လို့တယ်လီဖုန်းနဲ့တိုင်တန်းရင်ဆိုတောင်မှပဲ ဒါကိုပထ မသတင်းပေးတိုင်ချက် ရေးဖွင့်ပြီးတော့ အရေးယူဆောင်ရွက်ပေးရမယ်။ ဒီလိုသတင်းပို့တာကို ပထမသတင်း ပေးတိုင်ချက်မရေးဖွင့်ခဲ့ဘူးဆိုခဲ့ရင် ဒါရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရာထူးကနေထုတ်ပယ်ပြီးတော့ အ ပြစ်ပေးနိုင်တဲ့အထိ ဒါဥပဒေပြဌာန်းချက်က ရှိပါတယ်။ သို့သော်လည်း လက်ရှိအနေအထားမှာကျတော့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က စစ်တပ်နဲ့ပူးပေါင်းပြီးတော့မှ လုံခြုံရေးနဲ့ အခြားနိုင်ငံရေးနဲ့နွယ်တဲ့ကိစ္စတွေမှာ ဖမ်းဆီးရေး အ ပိုင်းကိုပဲ အဓိကအာရုံစူးစိုက်ပြီး လုပ်နေရတဲ့အခါကျတော့ သာမာန်အားဖြင့် သာမာန်ပြည်သူတွေ ကြုံတွေ့နေရ တဲ့ နစ်နာခြင်းကိုတိုင်တန်းရင် ပြစ်မှုကြီးတွေ မဟုတ်ခဲ့ဘူးဆိုရင် ဒါလက်တလောမှာအမှုဖွင့်မပေးပဲ နေတာမျိုး တွေ တွေ့ရပါတယ်။

သိပ်အရေးကြီးတဲ့ လင်မယားအမှုကြီးတွေတို့၊ လူသတ်မှုတွေတို့ ဒီလိုအမှုမျိုးတွေသာလျှင် စစ်ဆေးအရေးယူ တာရှိပြီးတော့ ကျန်တဲ့သာမာန်ပြည်သူတွေရဲ့ နစ်နာမှုတွေ သွားရောက်တိုင်တယ်ဆိုရင် အမျိုးမျိုးချိန်းဆိုတာ တွေ ရှိတယ်။ လိုအပ်တာထက်ပိုတဲ့ သက်သေတွေ အထောက်အထားတွေခေါ်ခိုင်းတာတွေ ရှိတယ်။ တချို့ ဆိုလည်း အဲဒီလိုပဲ။ အမှုဖွင့်မပေးတာတွေ ရှိတယ်။ ပြောရင်တော့ ဥပဒေပြဌာန်းချက်နဲ့တော့ ညီညွတ်မှုမရှိဘူး။ သို့သော်လည်း ရဲတပ်ဖွဲ့အနေနဲ့ သူ့ရဲ့ပင်မမူလတာဝန် တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာ တည် ငြိမ်ရေးအတွက်လုပ်ခွင့် အခွင့်အရေးမပေးဘူး။ ရဲတပ်ဖွဲ့ဝင်အင်အားကလည်း နည်းတဲ့အခါကျတော့ ကျွန်တော် လည်း လက်တွေ့ရဲတပ်ဖွဲ့တွေနဲ့ အလုပ်လုပ်နေရတဲ့အခါမှာ သူတို့ရဲ့အခက်အခဲကလည်း တော်တော်ကြီးကြီး မားပါတယ်။ သူတို့ရဲ့လုံခြုံရေးတွေ တာဝန်ယူပေးရတာရှိတယ်။ နောက်တစ်ခါ အထူးတရားရုံးတွေမှာ များသောအားဖြင့် ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲအရာရှိတွေက နေ့စဉ်သွားပြီးတော့ သက်သေအဖြစ်နဲ့ တဆင့်ခံထွက် ဆိုနေရတာတွေ ရှိတယ်။ စခန်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ပမာဏတွေမပြည့်စုံတဲ့အခါမှာ သူတို့မှာတော် တော်လေးကို လှုပ်ရခက်ရတော်တော်ခက်ခဲတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ဒါလည်းပဲ အချက်တစ် ချက်ဖြစ်မယ်လို့ မြင်တယ်ပေါ့လေ။

ဥပဒေပြဌာန်းချက်နဲ့ ပြောရင်တော့ ဒီအမှုဖွင့်တိုင်ကြားမှု အရေးကိုပဲ ပိုက်ဆံပေးရတယ်ဆို ဥပဒေနဲ့မညီဘူး။ နောက်တစ်ခါ တိုင်ချက်တိုင်းမှာလည်း ဖုန်းနဲ့တိုင်ရင်တောင်မှပထမသတင်းပေးတိုင်ကြားချက် ရေးဖွင့်ပြီး ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ဥပဒေတွေလွဲချော်နေတာပေါ့နော်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လုံးဝဆိတ်သုဉ်း ပျောက်ကွယ်သွားပြီးလား၊ ဘယ်လို မှတ်ချက်ပေးချင်တာ ရှိမလဲ။

ဒါကတော့ အသွင်သဏ္ဍန်အားဖြင့်တော့ မပျောက်ကွယ်ပါဘူး။ သို့သော်အနှစ်သာရအားဖြင့်တော့ ပျောက်ကွယ် တယ်။ ဥပမာအားဖြင့် တရားရုံးတွေလည်း ရှိနေတယ်။ ရဲတပ်ဖွဲ့တွေလည်း ရှိနေတယ်။ တရားဥပဒေစိုးမိုးမှုလုပ် ငန်းတွေလည်း အထိုက်အလျောက်တော့ စီမံဆောင်ရွက်နေကြတယ်။ အသွင်သဏ္ဍန်အားဖြင့် ပျောက်ကွယ်မ သွားဘူး။ သို့သော် တကယ့်အနှစ်သာရဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုလည်း မရှိဘူး။ တရားဥပဒေစိုးမိုးမှုလည်း မရှိဘူး။ တရားရုံးတွေသာလျှင် လွတ်လပ်စွာ တရားစီရင်ခွင့်မရှိဘူး။ ဒီအနှစ်သာရတွေ အပိုင်းကတော့ အများ ကြီးပျောက်ဆုံးသွားတယ်လို့ ပြောလို့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.