ညောင်လေးပင်၊ ဖေဖော်ဝါရီ(၂၈)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး(၂)ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၂၃)ရက်နေ့ ညနေ(၃)နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ တပ်မ-၄၄၊ တပ်မ-၆၆၊ တပ်မ-၇၇ တို့က KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ရွှေကျင်မြို့ နယ် ညောင်ပင်ကြီးကျေးရွာထဲကို လက်နက်ကြီး(၂)ချက် ပစ်ခတ်ခဲ့ပြီး ညနေ(၄)နာရီအချိန်လောက်မှာလည်း လက်နက်ကြီးနဲ့ နောက်ထပ်(၂)ချက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ(၂)ဦးရှိခဲ့သလို နေအိမ်(၃)လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးဟာ ဦးခေါင်း၊ မေးနဲ့ ခြေထောက်တွေမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် KNU တာဝန်ရှိ ခေါင်းဆောင်တွေက ကုသပေးခဲ့ရပြီး ဒဏ်ရာ ရရှိသွားတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ညောင်လေးပင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းကလည်း ကြံသိုကုန်းမှာ စစ်ကောင်စီတပ်က လက်နက် ကြီး(၁၂၀ မမ) (၆)လက် လာရောက်တပ်ဆင်ခဲ့ပြီး ပုဇွန်မြောင်းကျေးရွာဘက်မှာ တပ်မ-၄၄၊ တပ်မ-၆၆၊ တပ်မ-၇၇ ပူးပေါင်းတပ်ဖွဲ့က တပ်အင်အား ၁၅၀ နီးပါးနဲ့ ဝင်ရောက်တပ်စွဲထားတာပါ။

ဒါ့အပြင် ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့ကလည်း ရွှေကျင်မြို့နယ် ညောင်ပင်ကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ပေါင်း(၁၈)ချက်ခန့် ပစ်ခတ်ခဲ့သေးပြီး ထိခိုက်ပျက်စီးမှုကတော့ မရှိဘူးလို့ ဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ ထုတ်ပြန်ချက်အရ ကော်သူးလေအုပ်ချုပ်နယ် မြေတွေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံဦးရေတွေ ပိုမိုများပြားလာနေပြီး လက်ရှိမှာ စစ်ဘေးရှောင်ဦးရေဟာ ၅၃၀၀၀၀ ကျော်အထိ တိုးလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.