ထီးလင်း – ဖေဖော်ဝါရီ(၂၇)

မကွေးတိုင်း ထီးလင်းနယ်က စစ်ဘေးရှောင်တွေအတွက် ဆေးဝါးပစ္စည်း၊ ကလေးအသုံးဆောင် တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ(၆) ရွာက ပြည်သူတွေ အတွက်လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အမြဲတမ်းစစ်ဘေးရှောင်တွေပေါ့။လွန်ခဲ့တဲ့ရှစ်လလောက်ကစပြီးစစ်ဘေးရှောင်နေရတာပါ။ ဆေးဝါး၊အမိုးအကာနဲ့ စားနပ်ရိက္ခာလူသုံးကုန်ပစ္စည်းတွေ လိုအပ်နေပါတယ်။ယောအလင်းတန်း လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့်လည်းလှူဒါန်းနိုင်ပါတယ်”လို့ စစ်ဘေးရှောင်အရေးကူညီနေ သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ကျေးရွာတွေမှာ စာသင်ပေးနေတဲ့ ဆရာ၊ဆရာမ(၃၅) ဦးရှိပြီး ကျောင်းသား(၂၀၀) ကျော်အတွက် ကျောင်းဆောက်လုပ်ဖို့ အမိုးအကာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ကျောင်းသုံးပစ္စည်းတွေ၊ အဝတ်အစား၊ဆိုလာ၊ဘက်ထရီအိုး နဲ့ သောက်ရေသန့် ပြုလုပ်ဖို့ ပစ္စည်းတွေလိုအပ်နေတယ်လို့ သူက ပြောပါသေးတယ်။

စစ်ဘေးရှောင်တွေဟာ ထန်းပင်ကုန်းရွာ၊ပုဏ္ဏားကျေးရွာ၊ထလင်းကျေးရွာ၊ဝါးရင်းချိုင် ကျေးရွာ၊ အနောက်ဘက်ကျေးရွာက လူဦးရေ (၁၅၀၀) ဝန်းကျင်ဟာ လွန်ခဲ့တဲ့ (၈)လလောက်ထဲက စစ်ဘေးရှောင်နေရတာဖြစ်ပြီး အောင်းကျေးရွာက လူဦးရေ (၅၈၀) ကတော့ လွန်ခဲ့တဲ့ (၁) နှစ်(၇) လလောက်ထဲက စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ထီးလင်းမြို့နယ်က စစ်ဘေးရှောင်(၂၀၀၀) ကျော်ဟာ စစ်ကောင်စီ စစ်ကြောင်းထိုးနေတာ ကြောင့် အမြဲတမ်းစစ်ဘေးရှောင်နေရတာဖြစ်ပြီး ကျောက်ထု၊ဂန့်ဂေါနယ်တွေဘက်က စစ်ကောင်စီ စစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေဟာလည်း ယာယီစစ်ဘေးရှောင် နေရတယ်လို့ သိရပါတယ်။

လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီ ကျူ(ISP-Myanmar) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ကယား ပြည်နယ်၊ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေဟာ စစ်ဘေးရှောင်အများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံက ကလေး(၃)သန်းကျော်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef Myanmar) ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.