စစ်တွေ – ဖေဖော်ဝါရီ(၂၇)
အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည် ခရီးစဉ်မှာ ပြောဆို လုပ်ဆောင်မှုတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့မှာ ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလို ပြောခဲ့တာပါ။
“ပြည်သူတွေ ပိတ်ဆို့ကန့်သတ်ခံနေရတာတွေ၊လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့အတွက် လာရောက်ပြီးတော့ လုပ်ဆောင်ပေးတယ်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ အထွေအထူးပြောစရာမရှိဘူး။ အဲဒီလိုမဟုတ်ဘဲ SAC ကိုနိုင်ငံရေးအရ နိုင်ငံတကာ အကောင်းမြင်လာအောင်ဆိုတဲ့ပုံစံမျိုး၊ရခိုင်ပြည်နယ် လုံးဝ တည်ငြိမ်အေးချမ်းနေတဲ့ အတွက် သူအနေနဲ့ လာရောက်ပြီးတော့ စီးပွားရေး၊ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးဖို့ လာရောက်တာဆိုတဲ့ ဟန်ပြလုပ်ဖို့လာရောက်တယ်ဆိုရင် ပြည်သူ့အတွက် တစုံတရာ အကျိုးဖြစ်ထွန်းမယ့် ကိစ္စမျိုး မဟုတ်ဘူး” လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ်ဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိနေသယောင် နိုင်ငံတကာမှာ ပုံရိပ်ကောင်းရဖို့ နိုင်ငံရေးအရ အမြတ်ထုတ်မှုရှိ၊မရှိဆိုတာကိုလည်း စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ရက္ခိုင့်တပ်တော်(AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လဆန်းပိုင်းက စပြီး တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလနောက်ပိုင်းမှာတော့ အလွတ်သဘော နှစ်ဘက် အပစ်ရပ်သဘောတူကာ တိုက်ပွဲတွေ ရပ်တန့်ခဲ့ကြတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး