မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၆)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ အသေးစား၊အလတ်စား SME လုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးရေး စစ်ကောင်စီ ကြိုးပမ်းဆောင်ရွက်နေပေမယ့် အ လုပ်မဖြစ်သေးဘူးလို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

SME လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကုန်ကြမ်းပစ္စည်းဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတာ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အခက်ကြုံရတာပါ။

အဲဒီထဲမှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ ဆောက်လုပ်ငန်းရေး လုပ်ငန်းတွေနဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအများစု ရပ်နားလိုက်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်လာပါတယ်။

စစ်ကောင်စီက SME လုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ SME စကားဝိုင်းဆွေးနွေးပွဲတွေ၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေကနေ ချေးငွေတချို့ ထုတ်ချေးပေးတာတွေ လုပ်ဆောင်နေပေမယ့် တိုးတက်လာမှု မရှိသေးပါဘူး။

SME လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက ချေးငွေထုတ်ပေးနေပေမယ့် နိုင်ငံ့စီးပွားရေးကျဆင်းနေတာ ကြောင့် လုပ်ငန်းတွေတိုးချဲ့ဖို့ မဖြစ်နိုင်သလို ရှိရင်းစွဲလုပ်ငန်းတွေ ဆက်လက်ရပ်တည်ရေးအတွက်သာ ကြိုးပမ်းနေရတယ်လို့ ပြောပါတယ်။

“အရောင်းအဝယ်ကမရှိ၊ ဈေးတွေကတက်၊ ပစ္စည်းဈေးတွေက နှစ်ဆလောက်တက်သွားတော့ ကျွန် တော်တို့ ဘယ်လိုလုပ်မလဲ။ အံကြိတ်တာ တစ်ခုကလွဲပြီးဘာမှ လုပ်လို့မရဘူးလေ။ နိုင်ငံရေးအခြေအ နေလည်း မကောင်းဘူး၊ အရောင်းအဝယ်လည်းမရှိဘူးဆိုတဲ့ အခါကျတော့ ကျွန်တော်ကမယူဘူးလေ။ ကြွေးမြီကြီးနဲ့ ဘာမှလုပ်မရဘူး။ လုပ်ငန်းတိုးချဲ့လို့မှ မရဘဲ။ ဘယ်လိုမှရုန်းထွက်လို့မရဘူးဆိုတာ သိတယ်လေ။ အခုလက်ရှိတောင်မှ ဝန်ထမ်းငါးဆယ်ကနေပြီးတော့ နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ကျန်တော့တာ။ အစိုးရက တကယ်စေတနာရှိရှိနဲ့ ပံ့ပိုးပေးနေရင် သူတို့အနေနဲ့ ကျွန်တော်တို့ကို လမ်း ကြောင်းပြစရာမလိုဘူး။ ကျွန်တော်တို့ရဲ့ အခက်အခဲတွေ ဘာရှိလဲ။ (SME) သမားတွေကိုခေါ် လိုက်လေ။ ဘာရှိလဲ ဖြေရှင်းပေးနိုင်လား။ ဒါပဲလေ။ နိုင်ငံတစ်နိုင်ငံတိုးတက်ရင် ကျွန်တော်တို့လုပ်ငန်းတွေတိုးတက်မှာပဲ။ နိုင်ငံစီးပွားရေးမကောင်းရင် ဒီအတိုင်းပဲသွားမှာပဲ” လို့ဆိုပါတယ်။

SME လုပ်ငန်းတွေဟာ လျှပ်စစ်မီးမမှန်တာကြောင့် စက်သုံးဆီတွေကို အဓိကဝယ်ယူ အသုံးပြုနေရတဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရသလို တချို့လုပ်ငန်းတွေဆိုရင် ထုတ် လုပ်မှု ထက်ဝက်နီးပါးလျော့ချလာကြတာ ဖြစ်ပါတယ်။

SME လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီက SME လုပ်ငန်းတွေကို ကူညီမယ်လို့ ပြောဆိုနေပေမယ့် ပြည့်ပြည့်ဝဝ မလုပ်ပေးနိုင်သေးသလို မြန်မာငွေတန်းဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွနေတဲ့အတွက် လုပ်ငန်းတွေရပ်တည်ရေး အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

“အစိုးရက ကူညီမယ်လို့တော့ပြောတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကတော့ ပြည့်ပြည့်၀၀တော့ မလုပ်နိုင်သေးဘူး။ ငွေကြေးဖောင်းပွမှုတွေက အများကြီးတက်သွားတဲ့အခါကျတော့ လုပ်ငန်းတစ်ခု၊ ရင်း နှီးမြှုပ်နှံမှုတန်ဖိုးက ကြီးမားသွားပြီ။ အရင်ကသိန်းတစ်ရာထုတ်ရင်လည်ပတ်နိုင်တဲ့ လုပ်ငန်းတစ်ခုက အခုသိန်းနှစ်ရာအထက်ပေါ့ လေ။ ထုတ်သုံးနိုင်မှ ကျွန်တော်တို့က လည်ပတ်နိုင်မယ်” လို့ ပြောပါတယ်။

တဖက်မှာတော့ အာဏာသိမ်းစစ်ခေါင်ဆောင်က နိုင်ငံအတွင်းရှိ SME လုပ်ငန်းရှင်တွေနဲ့ လိုက်လံတွေ့ဆုံနေပေမယ့် ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ မလုပ်ပေးတာကြောင့် အယောင်ပြအနေနဲ့ တွေ့ဆုံမှုသာဖြစ်တယ်လို့ SME လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်စီးပွားရေး ပြန်လည် ဖွံ့ဖြိုးရေးအတွက် ဒေသတစ်ခုကို SME ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းကြဖို့နဲ့ SME လုပ်ငန်းတွေကိုလည်း ပြည့်ပြည့်ဝဝ ကူညီပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက် မှုတွေနဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့ သက် ရောက်မှုတွေ ဆက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာတော့ SME လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိနေပြီး SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာ သိမ်းမှုကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ပင် မနည်းရုန်းကန်နေသလို တချို့လုပ်ငန်းတွေက အရှုံးပေါ်တာကြောင့် လုပ်ငန်းတွေပိတ်သိမ်းလာကြတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.