ရန်ကုန်၊ ဖေဖော်ဝါရီ(၂၆)

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ ကာလအတွင်း စီးပွားရေးနဲ့စက်မှုလုပ်ငန်းအားလုံး ညနေ ၅ နာရီ နောက်ပိုင်း လျှပ်စစ်မီးမသုံးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားထုတ်လုပ်နိုင်ဖို့နဲ့ သုံးစွဲမှုမမျှတပါက ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

ဒါကြောင့် အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲနေတဲ့ ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနဲ့ စက်မှု၊ လက်မှုလုပ်ငန်းတွေကို စာမေးပွဲကာလတွင်း ညနေ(၅)နာရီကနေ (၁၀)နာရီအထိ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းမဆောင်ရွက်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကန့်သတ်ချိန်အတွင်းဌာနမှ ဖြန့်ဖြူးတဲ့လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရရင် အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ရွှေပြည်သာမြို့နယ်က အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကတော့ အော်ဒါတက်ချိန်မှာ စစ်ကောင်စီဘက်က အခုလိုကန့်သတ်လာတာကြောင့် လုပ်ငန်းရှင်အပြင် အလုပ်သမားတွေမှာလည်း ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးတွေကို လာမယ့်မတ် (၈)ရက်နေ့ ကနေ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-WWF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.