ကျိုက်ထို၊ ဖေဖော်ဝါရီ(၂၆)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦး ပစ်သတ်ခံမှုအပေါ် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်အပြန်အလှန် စွပ်စွဲတာတွေ ရှိနေပါတယ်။
ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးကို လာရောက် ဖမ်းဆီးခေါ်သွားပြီးနောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးရဲ့ ရုပ်အလောင်းကိုတော့ ဖမ်းဆီးပြီး ၅ နာရီအကြာ တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေးမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာပါ။
ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးကို အကြမ်းဖက် အမည်ခံ PDF တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော ကျောင်းအုပ်ဆရာမ ပစ်သတ်ဖြတ်မှုကို စစ်ကောင် စီကသာ ကျူးလွန်ခဲ့တာဖြစ်ကြောင်းနဲ့ PDF တွေ လုပ်ဆောင်တာမရှိသလို အခုဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ထုတ်ပြန်ပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျောင်းဆရာမကိစ္စက ဘယ်အဖွဲ့က လုပ်မှန်းမသိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ တို့ဆီရဲ့ အဖွဲက လုံးဝမဟုတ်ဘူး အဲဒါတော့ သေချာတယ်။ စစ်ကောင်စီပဲလုပ်တာ။ စစ်ကောင်စီကနေပြီး ပြည်သူတွေနဲ့ PDF တော်လှန်ရေးအင်အားစုတွေကြား အဲဒီထဲမှာ လုံးဝကိုအထင်မြင်လွဲမှားစေတဲ့နည်းတွေ၊ ပုံစံမျိုးတွေနဲ့ ချည်းကပ်လာတယ်လို့ပဲ ထင်တယ်။ အခုလည်း တို့ဘက်ကနေစုံစမ်းနေတာပဲ” လို့ပြောပါတယ်။
ဒေသခံတွေအဆိုအရ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးဟာ အနေအေးသူဖြစ်သလို ဘယ်အဖွဲ့အစည်းနဲ့မှ ပါဝင်ပတ်သက်တာ မရှိဘဲ နိုင်ငံရေးလည်း စိတ်ဝင်စားသူမဟုတ်ဘူးလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးဟာ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်နေထိုင်သူဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း ကျန်းမာရေးကြောင့် ဆုံးပါးသွားတာ ၂ လကျော်သာရှိသေးကာ သမီး ၂ ဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီတပ်နယ်မြေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လာရောက်ပြီး ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်သွားပါတယ်။
ဒါပေမယ့် ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦး ပစ်ခတ်ခံရမှုဟာ လက်သည်မပေါ်သလို နှစ်ဖက် အပြန်အလှန်စွပ်စွဲမှုတွေသာ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်