ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ ၂၅

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲစခန်း မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေထဲမှာရှိတဲ့ ဘုရားသုံးဆူမြို့ ရဲစခန်းဘက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ မနက်(၆)နာရီအချိန်ခန့်စကပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။

ဘုရားသုံးဆူတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘုရားသုံးဆူမြို့ပေါ်ရှိ နေအိမ်တချို့ ထိမှန်ပျက်စီးတာတွေ ရှိနေပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ထိုင်းဘက်ကလာတဲ့ နယ်စပ်သတင်းအရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရဲစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲစခန်းဘက်မှာ မီးလောင်နေတာကို တွေ့ခဲ့ရကြောင်း တိုက်ပွဲအခြေအနေကြောင့် လတ်တလောမှာ ထိုင်းဘက်ခြမ်းက လုံခြုံရေးတိုးမြင့်ဆောင်ရွက်ထားတယ်လို့ ဖော်ပြနေကြပါတယ်။

ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို မြို့ပြပျောက်ကျားတပ်ဖွဲ့တွေက ဝင်ရောက်ရှင်းလင်းမီးရှို့ခဲ့တာတွေ လုပ်ဆောင်နေသလို မြို့တွင်းထဲမှာလည်း ဗုံးပေါက်ကွဲမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဘုရားသုံးဆူမြို့ အနီးအနားရှိ သတ္တုမိုင်းလုပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်တာအပြင် မြို့အနီးပတ်ဝန်းကျင်တွေကိုလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.