မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၅)
မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီဘက် ရှာဖွေထုတ်ဖော်ဖမ်းဆီးမှု မရှိသလောက် နည်းပါးလာတာကြောင့် မူးယစ်းဆေးဝါး သုံးစွဲမှု စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ လူငယ်အရေးဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မူးယစ်ဆေးဝါးတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း ကျေးလက်တွေနဲ့ မြို့ပြတွေမှာပါ သုံးစွဲမှု သိသိသာသာမြင့်တက်လာသလို အလွယ်တကူဝယ်လို့ရတဲ့ အခြေအနေအထိ ဖြစ်ပေါ်လာတာပါ။
လူငယ်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်နယ်အတွင်း မှာ အသက် ၁၅ နှစ်ကနေ အသက် ၄၀ အရွယ် လူငယ် ၈၀ ရာခိုင်နှုန်း ထက်မနည်း မူးယစ်ဆေးဝါးသုံးစွဲ နေကြသလို အများစုဟာ WY နဲ့ ဘိန်းစာရွက်တွေကို အဓိကအသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲမှုကို စစ်ကောင်စီဘက် ဖမ်းဆီးမှုမရှိသလောက် နည်းပါးနေတဲ့အတွက် တရားဝင်သဖွယ် သုံးစွဲလာကြပြီး ကျေးရွာတွေမှာဆိုရင် အဆိုးဝါးဆုံး အခြေအနေတစ်ခုအထိ ရောက်ရှိလာတယ်လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
“ဆိုးတာတော့ တော်တော်ဆိုးတယ်၊ ဗြောင်အနေအထား ပုံစံမျိုးထိဖြစ်တဲ့ဟာ။ အရင်အနေအထား အရ ဆိုရင်တော့ အဖမ်းအဆီး နည်းနည်းပါးပါးရှိတယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်း လုံးဝမဖမ်းတော့ဘူး။ လုံးဝကို Free Styleပဲ။ အခု ကားလမ်းဘေးနားမှာ ရော်ဘာခြံနားမှာ ထိုင်သောက်လို့ ရတယ်။ ဒီခွင့်ပြု ထားတာတော့ အကုန်လုံးပဲပေါ့။ အဖွဲ့အစည်းတိုင်းအားလုံးရဲ့ နောက်ကွယ်က အဖွဲ့အစည်းတိုင်းအားလုံးပဲ၊ တရားဝင်ပုံစံမျိုးကို ဖြစ်နေတယ်”လို့ ဆိုပါတယ်ဒါ့အပြင် မူးယစ်ဆေးဝါးတွေကို ကျေးရွာတွေအပြင် မြို့ပြတွေမှာလည်း စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတချို့နဲ့ပေါင်းစပ်ပြီး တရားဝင်ကိုယ်စားလှယ်ပုံစံမျိုး ရောင်းချနေတာတွေရှိသလို တိုင်းကြား ပါကလည်း ဒဏ်ကြေးလောက်သာရိုက်ပြီး ပြန်လည်လွတ်ပေးတာတွေရှိတယ်လို့ ဆိုပါတယ်။
ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့် အလမ်း ရှားပါးလာတာ၊ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတဲ့အတွက် သုံးစွဲမှုမြင့်တက်လာရတာ ဖြစ်ပါတယ်။
လူငယ်အရေးဆောင်ရွက်နေသူတစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှု မရှိသလောက် နည်းသွားတဲ့အတွက် လူငယ်နဲ့ လူလတ်ပိုင်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များလာတာ ကြောင့် ရှေရည်မှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးမှုအန္တရာယ်ကြီးမာလာနိုင်တယ်လို့ ပြောပါတယ်။
“ဒီလက်ရှိ နိုင်ငံတော် အာဏာရထားတဲ့လူတွေအနေနဲ့ လုံးဝကို ဒီဘက်ပိုင်းဖမ်းဆီးတာတို့၊တားဆီးတာတို့ လျော့ချတာတို့ မရှိသလောက်တော့ နည်းသွားတယ်ဗျာ။ အသက် (၁၅)နှစ်ကနေ ဒီ(၄၀) ဝန်းကျင်ပေါ့နော်။ (၈၀) ရာခိုင်နှုန်းလောက်ကတော့ အဲဒါတွေ သုံးစွဲနေကြတယ်လို့ ခန့်မှန်းရတယ်။ ဒါက အများကြီး သက်ရောက် မှုရှိသလို အန္တရာယ်လည်းကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူသားအရင်းအမြစ်တွေရဲ့ ဖွံဖြိုးမှုနှုန်းက နဂို ရှိတာထက်ကို လျော့ကျသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကသုံးစွဲနေတဲ့သူတွေက ပညာရေးကိုလေ့လာ လိုက်စားနေတဲ့ အသက်အရွယ်ဖြစ်နေတာကတစ်ပိုင်း။ နောက်တစ်ခုက အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်က တစ်ပိုင်းဆိုတော့ ပညာရေးဘက်ခြမ်းမှာလည်း အားနည်းလာမယ်၊ အလုပ်အကိုင်အခွင့်အလမ်း အားနည်းလာ တဲ့အခါမှာတော့ သူတို့ဟာ ကျွန်တော်တို့ နိုင်ငံနဲ့ကြည့်လို့ရှိရင် နိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ်က သုံးစားလို့ မရတဲ့အထိကို ရောက်သွားနိုင်တယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းရှိ လူငယ်တွေကြားမှာ သုံးစွဲနေတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ WY အမျိုးအစား မူးယစ် ဆေးဝါး၊ ဆေးခြောက်၊ ဘိန်းစာရွက်တွေကို အများဆုံး အသုံးပြုနေကြတယ်လို့ ရပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုတွေ မြင့်တက်လာမှုနဲ့အတူ နောက်ဆက်တွဲ ပြသနာတွေအဖြစ် ခိုးမှု၊လုယက်မှု၊ လူသတ်မှုအပြင် ရာဇဝတ်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၀၀၀ ကျော် ရှိခဲ့ပြီး ကာလတန်းဖိုအနေနဲ့ ကျပ် ၁၀၀၀ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုကို ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘူးလို့ မူးယစ်ဆေးဝါးအရေး ဆောင်ရွက်နေသူတွေက ဝေဖန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်