မဲဆောက်၊ ဖေဖော်ဝါရီ ၂၅
ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ရင်း အာဏာသိမ်း စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဥက္ကဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က မဲဆောက်မြို့တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကိုညီမင်းသူဟာ ပြီးခဲတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဗကသကျောင်းသားရဲဘော်များ (ယာယီ) တည်းခိုနေထိုင်တဲ့ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ကျည်ဆန်ထိမှန် ကျဆုံးခဲ့တာပါ။
ဒီနေ့ အခမ်းအနားကို မဲဆောက်ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စုပေါင်းကျင်းပတာဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ အသက်ပေးဆပ်သွားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ကျင်းပရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးက ဆိုပါတယ်။
“ အဓိကတော့ ကိုညီမင်းသူ မရှိတော့ပေမယ့် သူလျှောက်လှမ်းခဲ့တဲ့ အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းဖို့နဲ့ ဖိနှိပ်ခံနေရတဲ့ လူတွေ လွတ်မြောက်ရေး စိတ်ဓာတ်တွေ ကျွန်တော်တို့ ရင်ထဲမှာ အမြဲရှင်သန်းနေဆဲဆိုတာ ပြသတဲ့အနေနဲ့ရယ် အသက်ပေးဆပ်သွားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနား လုပ်ဖြစ်သွားတာပါ” လို့ ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။
အခမ်းအနားကို အစီအစဉ် ၈ ခုနဲ့ ပြုလုပ်ခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သဝဏ်လွှာပေးပို့ခဲ့သလို နယ်အသီးသီးက နိုင်ငံရေးတက်ကြွသူတွေကလည်း ဂုဏ်ပြုစကားတွေ အသီးသီး ပြောဆိုခဲ့ကြပါတယ်။
ကိုညီမင်းသူဟာ သေးဆုံးချိန်မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ရုပ်အလောင်းကို မိသားစုက ပြန်လည် ထုတ်ယူခွင့် မရခဲ့ကြောင်း သိရပါတယ်။
သတင်း/ ဓာတ်ပုံ – သံလွင်တိုင်းမ်