မူတြော်၊ ဖေဖော်ဝါရီ ၂၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ BGF ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ဒီကနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့ မနက်ပိုင်းမှာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်(၆)နာရီအချိန်ခန့်က တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ ပူးတွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ Force for Federal Democracy FFD တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတပ်စခန်းကို မိနစ်အနည်းငယ်ကြာ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ BGF တပ်ဖွဲ့ဝင်တွေဟာ ကြောက်လန့်တကြားနဲ့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတဲ့အတွက် တိုက်ပွဲဖြစ်ပြီးနာရီဝက်အကြာမှာပဲ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ BPLA က ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ BGF တပ်ဖွဲ့ထံကနေ အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရခဲ့ပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ BPLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – BPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.