ရန်ကုန်၊ ဖေဖော်ဝါရီ(၂၅)

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လတာအတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟနေတာဟာ နှစ်နိုင်ငံအကြား တရားမဝင်တင်ပို့မှု ဒါမှမဟုတ် တရားမဝင်ကုန်သွယ်မှု ကြီးထွားနေတာကို ရည်ညွှန်းနေတယ်လို့ ISP-Myanmar က ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံထုတ်ပြန်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဧပြီကနေ နိုဝင်ဘာအထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်သာရှိပေမယ့် တရုတ်အကောက်ခွန်ဌာနရဲ့ ထုတ်ပြန် ချက်မှာတော့ ရှစ်လအတွင်း မြန်မာနဲ့ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိနေတာပါ။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဘက်က နည်းပေါင်းစုံနဲ့ဝင်လာသမျှ ကုန်စည်တိုင်းကို မှတ်တမ်းတင်ထားပြီး မြန်မာဘက်မှာတော့ တရားဝင်ကုန်သွယ်မှုဆိုင်ရာအချက်အလက်တွေကိုပဲ မှတ်တမ်းယူထားပုံရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဆိုပါတယ်။

ဒါ့အပြင် ရှစ်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး နှိုင်းယှဉ်ချက်မှာတော့ စစ်ကောင်စီကိန်းဂဏန်းထက် တရုတ်အကောက်ခွန်ဌာနရဲ့ ကိန်းဂဏန်းဟာ လတိုင်းမှာ နှစ်ဆနဲ့အထက် ကျော်လွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ISP-Myanmar က စုဆောင်းထားတဲ့အချက်အလက်တွေအရ ရှစ်လအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လစဉ် အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ သန်း ၁၀၀ အထိ မြေရှားသတ္တုတင်ပို့မှုရှိပြီး ပြီးခဲ့တဲ့နှစ် ဇွန်တစ်လထဲမှာပဲ တင်ပို့မှုလျော့ကျခဲ့တာ တွေ့ရတယ်လို့ ISP-Myanmar က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ မြေရှားသတ္တုတင်ပို့မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ တရားဝင်ထုတ်ပြန် ထားတာမရှိတာကြောင့် နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်နေတဲ့ မြေရှားသတ္တုတွေဟာ တရားမဝင်မှုနဲ့ ဝင်ရောက်နေတယ်လို့ ယူဆနိုင်ကြောင်း ဖော်ပြပါတယ်။

နယ်စပ်ကုန်သွယ်ရေးဇုန်တွေဖြစ်တဲ့ မူဆယ်၊ကျိုင်းတုံ၊ချင်းရွှေဟော်၊လွယ်ဂျယ်နဲ့ကန်ပိုက်တီ စခန်းငါးခုတို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ရှစ်လတာအတွင်း ကာလတူနှိုင်းယှဉ်ကြည့်ရာမှာ အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော် လျော့ကျခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.