နေပြည်တော်၊ ဖေဖော်ဝါရီ(၂၅)

ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပို့မှုမှရရှိတဲ့ ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် သတ် မှတ်နှုန်းထားအတိုင်း လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ပြည်ပဆန်တင်ပို့သူတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်တယ်လို့ စီးပွားရေးပညာရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေတဆင့် ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပို့မှုမှရရှိတဲ့ ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနကတော့ ပို့ကုန်တင်ပို့မှုဆောင်ရွက်တဲ့နေရာမှာ ကုန်စည်အလိုက် မျှတမှု ရှိစေဖို့နဲ့ ပြည်ပကိုတင်ပို့တဲ့ အဓိကပို့ကုန်ပစ္စည်းတွေအပေါ် တပြေးညီကျင့်သုံးဆောင်ရွက်နိုင်ဖို့အတွက် အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေကို လာမယ့်မတ်လ(၁)ရက်နေ့က စတင်ပြီး ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမှာဖြစ်ပြီး အဲဒီရက်မတိုင်ခင် ပြည်ပကနေ ကုန်ဖိုးငွေကြိုတင်ပေး ပို့ထားပါကလည်း သတ်မှတ်ရက်နောက်ပိုင်း ပို့ကုန်ရငွေတွေကို စစ်ကောင်စီဗဟိုဘဏ်ရဲ့ နှုန်းထားအတိုင်း လဲလှယ်ရမယ်လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ညွှန်းကြာချက်ကြောင့် ပြည်ပဆန်တင်ပို့သူတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်သလို ပြည်ပဆန်တင်ပို့မှု ထက်ဝက်နီးပါးကျဆင်းလာနိုင်တယ်လို့ သုံးသပ်တာပါ။

“အခုကတော့ ဒီပင်လယ်ရေကြောင်းကတင်ပို့တဲ့ သူတွေကနေပြီးတော့ ဝိုင်းပြီးတောင်းဆိုလို့ ဖြစ်လာတယ်လို့ ကျွန်တော်တို့ သိရတယ်နော်။ သူတို့က (၆၅) (၃၅) နယ်စပ်ကတော့ (၁၀၀) ရာခိုင်နှုန်းပေးခဲ့တဲ့အတွက် ကြောင့်မို့ ဒါကုန်သွယ်ရေး မညီမျှမှုဖြစ်တယ်ဆိုပြီး တင်ပြလို့ ဒီလိုဖြစ်လာတာပေါ့နော်။ နယ် စပ်နဲ့ ပင်လယ်ရေကြောင်းနဲ့တော့ သွားတူသွားတာပေါ့။ ရတဲ့ငွေ တူသွားတယ်။ ဒါပေမယ့် နယ်စပ်ကိုသွားတဲ့သူတွေကျတော့ စရိတ်စကတော့ ပိုကြီးတာပေါ့။ ပင်လယ်ရေကြောင်းသွားတဲ့ သူတွေကတော့ စရိတ်စက အဲဒီလောက်မရှိဘူး။ နယ်စပ်မှာလုပ်နေတဲ့သူအများစုက တနိုင်တပိုင်တွေတော့များတယ်။အခုတော့ နည်းနည်းခက်ကုန်မယ်။ အရင်တုန်းကတော့ (၁၀၀) ရာခိုင်နှုန်းပေးတယ်၊ အခု (၆၅) (၃၅) သွားလိုက်ရင်တော့ တင်ပို့မှုတော့လျော့ကျသွားမယ်လို့ ကျွန်တော်မြင်ပါတယ်။ နယ်စပ်က Export တော့ လျော့သွားမှာပေါ့နော်။ အနည်းဆုံးတော့ တစ်ဝက်လောက်တော့ လျော့ကျသွားမယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေကို အခုလို သတ်မှတ်လိုက်တာကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ နိုင်ငံခြားဆန်တင်ပို့မှုတွေကို လျော့ချလာနိုင်သလို ပို့ကုန်တွေလျော့ချပါက နိုင်ငံခြားဝင်ငွေတွေလည်း လျော့နည်းလာနိုင်တယ်လို့ ဆိုပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ဆန်နဲ့ဆန်ထွက်ပစ္စည်း တင်ပို့သူတွေ အရှုံးပေါ်လာနိုင်သလို အခုလိုကန့်သတ်မှုအပေါ် နားမလည်နိုင်ဘူးလို့ ပြောပါတယ်။

“ဒီမူဝါဒ ရုတ်တရက် ပြောင်းလဲလိုက်တဲ့အပေါ်မှာတော့ ထိခိုက်မှုတွေ၊ အဆုံးရှုံးတွေ ရှိနိုင်တယ်။ ကုန် သည်တွေကတော့ လက်ထဲမှာရှိတဲ့ စပါးတို့၊ဆန်တို့ပိုက်ပြီး ဝယ်ထားမိတဲ့သူတွေကတော့ နစ်နာမှုတွေ၊ ဆုံးရှုံးမှုရှိနိုင်တယ်။ ဈေးကွက်စီးပွား ရေးနဲ့မညီတဲ့ ဒီ(၃၅) (၆၅) ပုံစံမျိုးနဲ့ ထိန်းကျောင်းတာကကြတော့ နားလည်ရခက်တယ်၊ နောက်တစ်ခုက ဒီလိုပေါ်လစီက ဘယ်အခြေအနေမျိုးမှာ သင့်တော်သလဲ။ ဒီလို အခြေအနေမျိုးမှာ သင့်တော်သလား၊ နည်းနည်းလေး စဉ်စားရခက်တာပေါ့နော်။ သုံးနေတဲ့ စရိတ်တွေ အကုန်လုံး(၃၅) (၆၅)နဲ့ ချေလို့မရဘူး၊ (၁၀၀)ရာခိုင်နှုန်း ပေါက်ဈေးနဲ့ချေနေရတာပေါ့။ ဘယ်လိုပဲ သတ်မှတ်ပေမယ့်လည်း လက်ရှိ စားသုံးသူပြည်သူတွေက နေ့စဉ်စားသောက်ကုန်၊ လူသုံးကုန်တွေအ ကုန်လုံးက မားကတ်ဝိတ်နဲ့ပဲ သွင်းပြီးတော့ မားကတ်ဝိတ်နဲ့ပဲ ပေးနေရတာ။ တကယ်ရတဲ့ ဝင်ငွေကို ကျမှ (၆၅) (၃၅) အနှိမ်ခံရတဲ့အခါကျရင် ဝင်ငွေနဲ့ ထွက်ငွေ အချိုးကိုမညီမျှမှု ဖြစ်စေတာပေါ့။ အခုလိုမျိုး မားကတ်ဝိတ်နဲ့သတ်မှတ်ဈေးနဲ့နေရာမှာ အဆမတန်ဟနေတဲ့အချိန်၊ ရာခိုင်နှုန်းတစ်ခု(၃၀) ရာခိုင်နှုန်းလောက်ဟနေတဲ့အချိန်ရယ်၊ နောက်ပြီးတော့ သုံးစွဲတဲ့ကုန်ကျစရိတ်ရယ်၊ ရနေတဲ့ဝင်ငွေကိုကျ (၃၅) (၆၅) နှိမ်ပြီးတော့ သုံးနေတဲ့ပစ္စည်းတွေကို (၁၀၀) ရာခိုင်နှုန်း ပေးရမယ်ဆိုရင် အဲဒီ မညီမျှမှုက ကြာရှည်မှာ လူတန်းစားတွေ ကြားထဲမှာ မညီမျှမှုကို ပိုပြီးဖြစ်စေတာပေါ့နော်”လို့ ဆိုပါတယ်။ဒါ့အပြင် စစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေကြောင့် ရေရှည်မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာနိုင်တဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ပြန်အဆင်ပြေအောင် ကန့်သတ်ချက်တွေ ဖြေလျော့ပေးသင့်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ လယ်ယာထွက်ကုန်တွေ ဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာနဲ့ ရေ ထွက်ကုန် ပစ္စည်းတွေကို ပို့ကုန်ရငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ငွေလဲ လှယ်နှုန်းအတိုင်း မြန်မာကျပ် ငွေနဲ့ လဲလှယ်ခိုင်းခဲ့ရာကနေ လက်ရှိမှာတော့ ဆန်နဲ့ ဆန်ထွက်ကုန် ပစ္စည်းတွေကိုပါ ထည့်သွင်းလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးလဲလှယ်မှု သတ်မှတ်ဈေးဟာဆိုရင် တစ်ဒေါ်လာကို ကျပ်ငွေ (၂၁၀၀) သာရှိနေပေမယ့် အပြင်မှာတော့ တစ်ဒေါ်လာကို ကျပ်(၂၈၅၀)ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတာပါ။

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ဆန်ဈေးနှုန်းတွေကျဆင်းနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပေမယ့် ဆန်ဈေးနှုန်းကတော့ အမြင့်ဈေးမှာပဲဆက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.