ဂန့်ဂေါ – ဖေဖော်ဝါရီ(၂၅)
မကွေးတိုင်း၊ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့လို့ (၄) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ PDF Gangaw တောင်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့က မြစ်သာတမံဆည်ပေါ်ကထွက်လာတဲ့ အင်အား(၈၉) ဦးပါ ခ.လ.ရ(၅၀) ခြေလျင်တပ်ရင်းရဲ့စစ်ကောင်စီ စစ်ကြောင်းကို မင်းရွာကျေးရွာရဲ့ တောင်ဘက် မှာ တိုက်ခိုက်ခဲ့တာပါ။
“အခုစစ်ကြောင်းထိုးနေတဲ့ကျောက်ထုနယ်ဂန့်ဂေါနယ်က စစ်ကြောင်းရဲ့ လမ်းတလျှောက်က ရွာတွေ တော့ ယာယီစစ်ရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်သားတွေကတော့ မင်းရွာရဲစခန်းမှာပဲရှိ သေးတယ်။ ထွက်လာရင်ထိတွေ့တာတွေ ဖြစ်နိုင်ချေရှိတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲဖြစ်ပွားချိန် မိနစ်(၃၀) ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ဘက်က (၄) ဦးသေဆုံးကာ (၅) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုထားပြီး ကာကွယ်ရေးတပ်တွေ ဘက်ကတော့ ထိခိုက်သေဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ်ဖမ်းဆီးလာတဲ့ ပြည်သူ(၃) ဦးထဲက ထွက်ပြေးလာသူတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အထိနာထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မင်းရွာကျေးရွာထဲကို ဝင်ရောက် နေပြီး စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေထဲဝင်ရောက်တာတွေရှိနေသလို တန်ဖိုးရှိပစ္စည်း တွေကို ယူဆောင်တာတွေလည်း လုပ်နေတယ်လို့ PDF Gangaw တောင်ပိုင်းက ဆိုထားပါတယ်။
ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ စစ်ကြောင်းအချိန်မရွေးထိတွေ့မှုတွေ ဖြစ်နိုင်တာကြောင့် ဂန့်ဂေါ-မင်းရွာလမ်းပိုင်းကို ပြည်သူတွေအသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဂန့်ဂေါ – PDF