လန်ဒန်၊ ဖေဖော်ဝါရီ(၂၆)
လူကိုကူးစက်လာတဲ့ H5N1 ကြက်ငှက်တုပ်ကွေး ဖြစ်စဉ် ၂ ခု ရှာဖွေတွေ့ရှိခဲ့ ပြီးနောက် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO အနေနဲ့ စိုးရိမ်ရတဲ့အခြေအနေအဖြစ် ဖော်ပြထားပြီး ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ အတူတကွ လုပ်ဆောင်လျှက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ငှက်တွေနဲ့ နို့တိုက်သတ္တဝါတွေမှာ ကူးစက်မှုမြင့်တက်လာခြင်းတွေဟာ စိုးရိမ်ရတဲ့ အခြေအနေလို့ ဖော်ပြထားပြီး မကြာသေးမီအတောအတွင်း ဖြစ်ပေါ်ကူးစက်မှုတွေမှာ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ် ဖြစ်နိုင်ချေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သုံးသပ်ခဲ့တယ်လို့ ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးနဲ့ ကာကွယ်ရေးဒါရိုက်တာ ဒေါက် တာ ဘရီအန်မှ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က H5N1 ကြောင့် ၁၁ နှစ်အရွယ်မိန်းကလေငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီးနောက် သူနှင့် အနီးကပ်ထိတွေ့သူ ၁၂ ဦးကို စစ်ဆေးခဲ့ရာ ဖခင်ဖြစ်သူထံမှာပါ ရောဂါလက္ခဏာဖြစ်ပေါ်နေပြီး ဗိုင်းရပ်စ်ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။
“ကမ္ဘာလုံးဆိုင်ရာ H5 N1 အခြေအနေက ငှက်တွေ၊ ကြက်တွေကတဆင့်တွေ့ရတဲ့ ဗိုင်းရပ်စ်တွေပျံ့နှံ့မှုကို ပိုမိုစိုးရိမ်ရစေပြီး လူသားတွေအပါအဝင် နို့တိုက်သတ္တဝါတွေမှာ ကူးစက်မှုတွေဟာလည်း မြင့်မားလာနေပါပြီ။ WHO အနေနဲ့တော့ ဒီဗိုင်းရပ်စ်ရဲ့ အမြင့်ဆုံး ဘေးဖြစ်နိုင်ချေကို ဖော်ထုတ်ရရှိထားသလို နိုင်ငံတွေကလည်း သတိကြီးကြီးထားဖို့ လိုပါပြီး” ဟု ဒေါက်တာ ဘရီအန်က သတိပေးပြောကြားထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ကူးစက်မှုဖြစ်စဉ်နှစ်ခုအတွက် လူမှလူချင်း ကူးစက်ခြင်းလား၊ ငှက်များ သို့မဟုတ် အခြားသောတိရစ္ဆာန်တွေနဲ့ အနီးကပ်ထိတွေ့မှုလို သဘာဝ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကူးစက်ခြင်းဖြစ်တာလားဆိုတာကိုတော့ အထူးအလေးပေးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်တွင် ထွက်ပေါ်လာခဲ့သော H5N1 ဗိုင်းရပ်စ်အမျိုးအစားအသစ်ဟာ မကြာသေးမီက တောငှက်တွေ နဲ့ အိမ်မွေးကြက်တွေအကြား စံချိန်တင်သေဆုံးမှုတွေကို ဖြစ်စေခဲ့တဲ့အပြင် အဲဒီဗိုင်းရပ်ဟာ နို့တိုက်သတ္တဝါ တွေမှာပါ ကူးစက်နိုင်တာဖြစ်လို့ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုတွေကို တိုးပွားစေခဲ့တာလည်း ဖြစ်ပါတယ်။
Ref: REUTERS