လွိုင်ကော် – ဖေဖော်ဝါရီ(၂၅)
ထိုင်း-ကယားနယ်စပ် BP-12 နယ်မြေကို ရိက္ခာနဲ့ လက်နက်လာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် တစ်စီးပစ်ခတ်ခံရတာကြောင့် မြေပြင်းမဆင်းသက်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်သွားခဲ့တယ်လို့ ကရင်နီပြည်နယ်စစ်ရေးသင်းအချက်အလက်စင်တာက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့ ညနေ(၃)နာရီကျော်က နယ်စပ်တစ်နေရာတစ် BP-12 အနီး က စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်စခန်း(ပွိုင်-၁၄၄၁) ကို စစ်ကောင်စီရဟတ်ယာဉ် တစ်စီးလာရောက်ခဲ့တာပါ။
အဲဒီရဟတ်ယာဉ်ကို ကရင်နီတပ်မတော်အမှတ်(၁) တပ်ရင်းက မြေပြင်အတွဲလိုက်ပစ်တဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက်မြေပြင်ဆင်းသက်လို့မရတော့လို့ နောက်ကြောင်းပြန်လှည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဟတ်ယာဉ်မဆင်းသက်နိုင်ခဲ့တဲ့အတွက် မနေ့ကညနေ(၄)နာရီကျော်က ဟွေခ မောက် စခန်းဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လေးကြိမ်လောက် လာရောက်ပစ်ခတ် ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘူးလို့ ကရင်နီတပ်မတော် ပြန်ကြားရေးတာဝန်ခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ပြောလာပါတယ်။ဒါပေမယ့် အဲဒီဟက်စကီး က မဆင်းဖြစ်တော့ဘဲ ပျံတက်သွားတာဆိုတော့ ကျွန်တော်တို့လည်းအတည်ပြုလို့မရဘူးလေ။” လို့ ကရင်နီတပ်မတော်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ကရင်နီတပ်မတော်အနေနဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို ဘယ်အကွာအဝေးက ပစ်ခတ် ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အတိအကျပြောလို့မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အဲဒီဒေသတွေကို စစ်ကောင်စီက ဖေဖော်ဝါရီလအစောပိုင်းတည်းက ရိက္ခာနဲ့ လက်နက်ဖြည့်တင်း ဖို့လုပ်ဆောင်နေတာဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၉) ရက်နေ့ကလည်း နယ်စပ် BP-12 နယ်မြေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ အင်အား(၃၀) ပါ ခ.လ.ရ(၅၄) တပ်ကို KAနဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ခွဲမှူးတစ်ဦးအပါအဝင် (၅) ဦးကို လက်နက်တွေနဲ့ အရှင် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အထိနာထားတာကြောင့် နယ်စပ်စခန်းကို ရဟတ်ယာဉ်အသုံးပြုပြီး ရိက္ခာ နဲ့ လက်နက်တွေဖြည့်တင်းဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်(၁၉၀) ကျော်ရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ